သက်တံ့
၂၄. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) မြို့ရှိ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦးက သူမ၏ သင်္ချာဆရာသည် အမှတ်ကောင်းများ ပေးမည်ဟု မက်လုံးပေး၍ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ရဲစခန်းတွင် တိုင်ကြားခဲ့သည်။ ထို့ပြင် အဆိုပါဆရာကို တရားဥပဒေအရ အရေးယူမခံရစေရန် ကျောင်းက အကာအကွယ်ပေးထားကြောင်း ကျောင်းသူ၏ မိခင်က စွပ်စွဲထားသည်။
အဆိုပါ ကျောင်းသူသည် ချွန်ဘူရီခရိုင်၊ ဘန်းလမွန်း (Bang Lamung) မြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် Mathayom 4 ( ၁၀ တန်း) တက်ရောက်နေသူဖြစ်သည်။ ဩဂုတ် ၂၃ ရက်တွင် အသက် ၄၂ နှစ်အရွယ် မိခင်ဖြစ်သူ ဘူးဝ် (Bew) နှင့်အတူ ဘန်းလမွန်း ရဲစခန်းသို့ သွားရောက်၍ အဆိုပါ ဆရာနှင့် ကျောင်းကို တရားဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့သည်။
Channel 7 သတင်းဖော်ပြချက်အရ အဆိုပါ ကျောင်းသူအား လိင်အလွဲသုံးစားပြုလုပ်မှုမှာ ယခုနှစ် ဇွန်လနှင့် ဇူလိုင်လကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ မကြာမီကမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်များအတွင်း သမီးဖြစ်သူမှာ တိတ်ဆိတ်ငြိမ်သက်၍ စိတ်ဓာတ်ကျနေသည်ကို သတိပြုမိသဖြင့် အကျိုးအကြောင်း မေးမြန်းရာမှ အဆိုပါဆရာ၏ စော်ကားမှုကို ခံခဲ့ရကြောင်း ဖွင့်ဟပြောပြခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ဆိုသည်။

ကျောင်းသူသည် စာမေးပွဲ အမှတ်မကောင်းသဖြင့် အမှတ်ကောင်းကောင်း ရရှိရန်အတွက် ဆရာဖြစ်သူက လိင်ပိုင်းဆိုင်ရာ အခွင့်အရေးနှင့် လဲလှယ်၍ ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ဆရာဖြစ်သူက စာမေးပွဲ အဖြေများကို ပေးခဲ့သဖြင့် ၎င်းလိုချင်သည့် အမှတ်များ ရရှိခဲ့သည်။
ထို့နောက် ဆရာဖြစ်သူက ၎င်းအား Nudist အပန်းဖြေစခန်းတစ်ခုသို့ ချိန်းဆိုခေါ်ဆောင်ကာ ပထမအကြိမ်တွင် ကိုယ်ခန္ဓာကို ပွတ်သပ်စော်ကားခဲ့သည်။ ဒုတိယအကြိမ် ချိန်းဆိုမှုတွင်မူ ၎င်း၏ အခန်းထဲသို့ ခေါ်ဆောင်၍ လိင်ဆက်ဆံရန် တောင်းဆိုခဲ့သည်။ ပထမအကြိမ်တွင် ကွန်ဒုံးအသုံးပြုခဲ့သော်လည်း ဒုတိယအကြိမ်တွင်မူ အသုံးမပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောင်းတွင်လည်း အဆိုပါဆရာ၏ ပွတ်သပ်စော်ကားခြင်းကို ခံခဲ့ရသဖြင့် သက်သေအဖြစ် ရဲစခန်းသို့ တိုင်ကြားနိုင်ရန် ထိုစော်ကားမှုကို ဗီဒီယိုရိုက်ကူးထားခဲ့သည်။ အဆိုပါ ဗီဒီယိုရိုက်ကူးချက်တွင် ဆရာဖြစ်သူက စကတ်အောက်သို့ လက်နှိုက်စော်ကားနေပုံ ပါရှိသည်။

ကျောင်းသူ၏ မိခင်သည် အဆိုပါကိစ္စကို ကျောင်းအာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးခဲ့သော်လည်း မမျှတသည့် သဘောတူညီချက်တစ်ခုကိုသာ ရရှိခဲ့သည်။ အဆိုပါဆရာကို အခြားကျောင်းသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ပြီး ကျောင်းသူအား လျော်ကြေးငွေ ဘတ် ၅၀,၀၀၀ ပေးလျော်ရမည်ဖြစ်ကြောင်း ကျောင်းက သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သည်။
ထို့အပြင် ယင်းသဘောတူညီချက် ရရှိပြီးနောက် အဆိုပါဖြစ်စဉ် သို့မဟုတ် ဗီဒီယိုဖိုင်များကို အများပြည်သူသို့ ပျံ့နှံ့ပါက ကျောင်းသူနှင့် မိခင်ဖြစ်သူတွင် တာဝန်ရှိမည်ဟု ဖော်ပြထားပြီး ဆရာဖြစ်သူအား တရားဥပဒေအရ ဆက်လက်အရေးမယူရန်လည်း ကတိပြုခိုင်းခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆုံးရရှိသည့် သတင်းများအရ ရဲတပ်ဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အပန်းဖြေစခန်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး ချွန်ဘူရီ ကလေးနှင့် မိသားစု စောင့်ရှောက်ရေးစခန်းမှ တာဝန်ရှိသူများက ကျောင်းသူအား ဆေးစစ်မှုများ ပြုလုပ်ရန် စီစဉ်ပေးခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါအသက်မပြည့်သေးသည့် ကျောင်းသူအား လိင်ပိုင်းဆိုင်ရာပြုကျင့်စော်ကားခဲ့ကြောင်း စွပ်စွဲခံထားရသည့် ဆရာနှင့် ကျောင်းအာဏာပိုင်များဘက်ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref: Thaiger
