၂၄.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်-ဟိုပုံး-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁နှင့် ၁၆၅/၂ကြား၊ ရင်ကွဲတောင်တွင် မော်တော်ယာဥ် တစ်စီး ချောက်ထဲသို့ တိမ်းမှောက်ရာမှ ယာဥ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့မှု သြဂုတ်လ ၂၃ ရက် ည ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း လွိုင်လင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
လွိုင်လင်မြို့နယ်ဘက်မှ မိုင်းပွန်မြို့ဘက်သို့ Micro Bus အမျိုးအစား အဖြူရောင်ယာဉ်မှာ မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ရှိ ပေ ၃၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးကျော်မင်းမင်းအေးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွင် ဘယ်ဘက်ဂျိုစောင်းပွန်းပဲ့ဒဏ်ရာ၊ ခါးနာဒဏ်ရာများရရှိသဖြင့် (မစိုးရိမ်ရ) များ ရရှိခဲ့သဖြင့် အဖြူရောင် လူငယ်ပရဟိတအသင်းမှ အသင်းဝင်များက သူနာတင်ယာဥ်ဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ လွိုင်လင်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
