သက်တံ့
၂၄. ၈. ၂၀၂၆
မလေးရှားနိုင်ငံ၊ နဂရီဆမ်ဘီလန် (Negri Sembilan) ပြည်နယ်၊ စရမ်ဘန်မြို့ရှိ ပြည့်တန်ဆာဂိုဏ်းများဟု သံသယရှိရသော နေရာများကို လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စီးနင်းခဲ့ရာ လူ ၆၀ နီးပါး ဖမ်းဆီးရမိခဲ့သည်။
စရမ်ဘန်မြို့ရှိ နေရာသုံးခုကို တနင်္ဂနွေနေ့ (ဩဂုတ် ၂၃ ရက်) က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် စူပါတန်း ဒါတွခ် ဇာကာရီယာ ရှာဘန် (Datuk Zakaria Shaaban) က ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးကို ကွာလာလမ်ပူမြို့ရှိ အင်ဒိုနီးရှားသံရုံးနှင့် ပူးပေါင်း၍ ရရှိလာသော သတင်းအချက်အလက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
”အမြင်မသင့်တင့်သော လုပ်ရပ်များတွင် အင်ဒိုနီးရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း သံရုံးမှ ပဏာမ သတင်းပေးပို့ချက်နှင့် ဌာန၏ ထောက်လှမ်းရရှိမှုများအပေါ် အခြေခံ၍ စစ်ဆင်ရေးအဖွဲ့ကို အဆိုပါနေရာများသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ၅၇ ဦး ဖမ်းဆီးရမိခဲ့ပြီး မလေးရှား ဒေသခံ အမျိုးသား ၇ ဦး၊ အင်ဒိုနီးရှား အမျိုးသား ၃ ဦး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၂ ဦး၊ မြန်မာ အမျိုးသား ၃ ဦး၊ အင်ဒိုနီးရှား အမျိုးသမီး ၂၆ ဦး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ၅ ဦးနှင့် အိန္ဒိယ အမျိုးသမီး ၁ ဦးတို့ ပါဝင်သည်။ ဖမ်းဆီးခံရသူများ၏ အသက်အရွယ်မှာ ၁၉ နှစ်မှ ၆၅ နှစ်အတွင်း ရှိကြသည်။ အဆောက်အအုံများကို စစ်ဆေးစဉ် တာဝန်ရှိအဖွဲ့က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား နိုင်ငံကူးလက်မှတ်အချို့ အပါအဝင် လက်ကိုင်ဖုန်းများ၊ အခန်းသော့များနှင့် ကွန်ဒုံးများကို သိမ်းဆည်းရမိခဲ့သည်” ဟု တနင်္လာနေ့ (ဩဂုတ် ၂၄ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးများသည် တည်းခိုခန်းများနှင့် ဘတ်ဂျက်ဟိုတယ်များတွင် တစ်လအထိ တည်းခိုနေထိုင်ခဲ့ကြကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိရသည်။
လိင်ဝန်ဆောင်မှုများကို တစ်ကြိမ် ရင်းဂစ် ၅၀ အခကြေးငွေယူကာ ဝန်ဆောင်မှု ပေးအပ်နေခြင်းဖြစ်သည်ဟုလည်း ယူဆရသည်။

ဤဒုစရိုက်လုပ်ငန်းသည် ဒေသခံများနှင့် နိုင်ငံခြားသားများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ငွေကြေးလွှဲပြောင်းမှုများကို အခကြေးငွေရရှိသည့် မန်နေဂျာများက ကိုင်တွယ်ဆောင်ရွက်ခဲ့ကြသည်။
”ဒီလုပ်ငန်းဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲမှုအောက်မှာ တစ်နှစ်နီးပါးလောက် လည်ပတ်နေတာဖြစ်ပြီး တစ်နှစ်ကို ရင်းဂစ် ၅၄၀,၀၀၀ ခန့် အမြတ်ထွက်တယ်လို့ ခန့်မှန်းရပါတယ်” ဟု ဇာကာရီယာက ပြောကြားခဲ့သည်။
သံသယရှိသူ အားလုံးကို ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် ထိန်းသိမ်းထားကြောင်းလည်း သူက ဆက်လက်ပြောကြားသည်။

”မလေးရှားနိုင်ငံသား ၇ ဦးကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၅၆(၁)(d) အရ ပြစ်မှုကျူးလွန်ကြောင်း မသင်္ကာမှုနဲ့ ထိန်းသိမ်းထားပါတယ်။ နိုင်ငံခြားသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)(ဂ)၊ ပုဒ်မ ၁၅(၁)(ဂ) နဲ့ ၁၉၆၃ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများရဲ့ စည်းမျဉ်း ၃၉(ခ) တို့အရ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ မသင်္ကာမှုတွေနဲ့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူ အားလုံးကို ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: The Star & Straits Times
