၂၄.၈.၂၀၂၆
Written by Linn Eain
အခွန်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် မရိုးမဖြောင့်မှုများ တားဆီးကာကွယ်နိုင်ရေးအတွက် စနစ်တကျအစီအမံများ ချမှတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ဩဂုတ် ၂၄ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားချိန် ထည့်သွင်းပြောကြားခဲ့သည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးကျော်မင်းထက်၏ ” နိုင်ငံတော်သို့ ဝင်ငွေခွန်ပေးဆောင်ရာတွင် လွယ်ကူလျှင်မြန်စေရေး မည်ကဲ့သို့စီမံထားရှိသည်နှင့် အခွန်နှင့်စပ်လျဉ်းသောကိစ္စရပ်များတွင် မရိုးဖြောင့်မှုများနှင့် အဂတိလိုက်စားမှုများအပေါ် တိုင်ကြားနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးရေးနှင့် ပတ်သက်သည့်မေးခွန်း ” အပေါ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က “မေးခွန်း ဒုတိယပိုင်းဖြစ်တဲ့ အခွန်စည်းကြပ်ရာတွင် မရိုးမဖြောင့်မှုများကို တားဆီးကာကွယ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုဖြစ်ပေါ်နိုင်တဲ့ အခြေအနေအကြောင်းရင်းတွေထဲမှာ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်ဆံမှုဟာ အခြေခံကျတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းအခွန်ဦးစီးဌာန အနေနဲ့ လူပုဂ္ဂိုလ်ချင်း အခွန်ဝန်ထမ်းနဲ့ အခွန်ထမ်း ထိတွေ့မှုများကို လျှော့ချနိုင်ရန် အခွန်ပေးဆောင်ခြင်း လုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်ထားရှိခြင်းဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။




ထို့ပြင် အခွန်ဝန်ထမ်း၏ ကျင့်ဝတ်သိက္ခာနှင့် ရိုးသားဖြောင့်မတ်မှုကို မြှင့်တင်နိုင်ရန်အတွက် အခွန်ဝန်ထမ်းများအတွက်သီးခြားကျင့်ဝတ် (Code of Conduct) ကို ထုတ်ပြန်ကျင့်သုံးလျက်ရှိပြီး အဆိုပါ Code of Conduct မှာ အများပြည်သူနဲ့ ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ အဂတိကင်းရှင်းစွာ ဝန်ဆောင်မှုပေးရမည့် တာဝန်များနှင့် အကျိုးစီးပွား ပဋိပက္ခ မဖြစ်ပေါ်စေရေးဆိုင်ရာ စံနှုန်းများကို တိတိကျကျ သတ်မှတ်ထားရှိပြီး တာဝန်ရှိသူ အဆင့်ဆင့်ကလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ Public Feedback Program ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁) ရက်က စတင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ အဆိုပါ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးရှိ အခြားအစိုးရ ရုံးဌာနများနည်းတူ အခွန်ရုံး (၁၃) ရုံးတွင် Data Entry Operation (DEO) စနစ် တပ်ဆင်အသုံးပြုလျက်ရှိပြီး DEO ရုံးများကိုလည်း အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
“အခွန်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မရိုးမဖြောင့်မှုများကို တားဆီးကာကွယ်နိုင်ရေးအတွက် စနစ်တကျ အစီအမံများ ချမှတ်ကာ ကြပ်မတ်ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ် ” ဟု တိုင်းဒေသကြီး ဝန်ကြီး ဒေါ်မေသန်းနွယ်က ပြောကြားခဲ့သည်။
အခွန်ပေးဆောင်ရာတွင်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးအသီးသီးတွင် အခွန်ထမ်းဆောင်လျက်ရှိသော ကုမ္ပဏီ အခွန်ထမ်းများအနေဖြင့် အခွန်ပေးဆောင်ရာမှာ e-Payment စနစ်များဖြင့် အခွန်ပေးဆောင်နိုင်သကဲ့သို့ အခွန်မှတ်ပုံတင်ခြင်း၊ ကြေညာလွှာ တင်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်ရာမှာ အီလက်ထရောနစ်အခွန်မှတ်ပုံတင်စနစ် (e-Registration Management System) နှင့် အီလက်ထရောနစ်အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing Management System) တို့ဖြင့် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားရှိပေးထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
Data Entry Operation (DEO) စနစ်အရ အခွန်ရုံးအသီးသီးသို့ နေ့စဉ် လာရောက်ကြသည့် အခွန်ထမ်းများ၏ လက်ကိုင်ဖုန်းများသို့ SMS များ အလိုအလျောက် ပေးပို့၍ အခွန်ရုံးများ၏ ဝန်ဆောင်မှုအပေါ် ကျေနပ်မှု ရှိမရှိ၊ ဝန်ထမ်းများ၏ ဆက်ဆံရေး ပြေပြစ်မှု ရှိမရှိ၊ မသင့်တော်သော တောင်းဆိုမှုများ ရှိမရှိနဲ့ အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ရှိမရှိကို တိုက်ရိုက် မေးမြန်းဆောင်ရွက်လျက်ရှိကြောင်း ယင်းစနစ်သည် အခွန်ထမ်းများက SMS မှတစ်ဆင့် ပေးပို့သော ပြန်ကြားစာများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုက်ရိုက် ချိတ်ဆက်ပေးပို့သော စနစ်ဖြစ်သည့်အတွက် အများပြည်သူတို့၏ သဘောထားနှင့်တုံ့ပြန်စာများကို ပွင့်လင်းမြင်သာစွာ လက်ခံရရှိနိုင်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေများကို ကြိုတင်ကာကွယ်နိုင်ရန် အရေးပါသည့် စောင့်ကြည့်ကြပ်မတ်မှုစစ်ဆေးသည့် စနစ်ဖြစ်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
