သက်တံ့
၂၄. ၈. ၂၀၂၆
ဂီနီနိုင်ငံ၏ မြို့တော် ခိုနာကရီ (Conakry) ရှိ အကြီးဆုံး အမှိုက်ပုံကြီးတစ်ခုသည် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြိုကျခဲ့သဖြင့် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဗဟိုအစိုးရ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
တနင်္ဂနွေနေ့ နံနက် ၂ နာရီခန့်တွင် စတင်ရွာသွန်းခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခိုနာကရီ၏ အကြီးဆုံး အမှိုက်ပုံဖြစ်သည့် ဒါအက်စ်ဆာလာမ် (Dar Es Salam) အမှိုက်ပုံကြီးပေါ်သို့ ရေများ စီးဆင်းကာ အနီးအနားရှိ တဲအိမ်များကို မြေပြိုကျသကဲ့သို့ ဖုံးလွှမ်းသွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး လူ ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့သည်။
အဆိုပါ မြို့တော်၏ အကြီးဆုံး လေဟာပြင် အမှိုက်ပုံကြီးကို တနင်္ဂနွေနေ့တွင်ပင် ပိတ်သိမ်းရန် သတ်မှတ်ထားပြီး ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာ တပ်ရင်းမှ သန့်ရှင်းရေးအရာရှိ ဒုတိယဗိုလ်မှူးကြီး ဘောလ်ဒေး မာမာဒူ ဘိုင်လို (Baldé Mamadou Bailo) က ပြောကြားခဲ့သည်။
အမှိုက်ပုံ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံများကို ဖယ်ရှားရေး အကြောင်းကြားစာများ ထုတ်ပြန်ခဲ့သဖြင့် အများအပြား ထွက်ခွာသွားခဲ့ကြသော်လည်း အန္တရာယ်ဖြစ်ပွားသည့် အချိန်အထိ လူအများအပြား ကျန်ရှိနေသေးကြောင်း အာဏာပိုင်များက ဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသည့် နယ်မြေအုပ်ချုပ်ရေးနှင့် ပြက္ခဒေသဆိုင်ရာ ဝန်ကြီး ဂျီနာဘူ တူရေး (Dienabou Touré) က “ကျန်ရှိနေတဲ့ မိသားစုတွေကို အခြားနေရာတစ်ခုဆီ အမြန်ဆုံး ရွှေ့ပြောင်းပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ဂီနီနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဘောက်ဆိုက် (Bauxite) သတ္တုသိုက်များ အပါအဝင် သံရိုင်း၊ ရွှေ၊ စိန်နှင့် အခြားသတ္တုတွင်းထွက်များ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ နိုင်ငံလူဦးရေ၏ ၄၃ ဒသမ ၇ ရာခိုင်နှုန်းမှာ အမျိုးသား ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်နေကြရဆဲ ဖြစ်သည်။
Ref: AP
