သက်တံ့
၂၄. ၈. ၂၀၂၆
ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်သူ စုစုပေါင်း အရေအတွက် တိုးတက်လာသော်လည်း ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်တွင် အလုပ်လက်မဲ့ဦးရေမှာ ၄ သိန်းခန့်အထိ မြင့်တက်လာခဲ့ပြီး ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (NESDC) ၏ ထုတ်ပြန်ချက်အရ အလုပ်လက်မဲ့နှုန်းမှာ ၀ ဒသမ ၉၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။
ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက် ရှည်များအတွင်း စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများ အရှိန်အဟုန်ကောင်းမွန်ခဲ့သဖြင့် စုစုပေါင်း အလုပ်အကိုင်ရရှိမှုမှာ ယခင်နှစ် အလားတူကာလထက် ၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လုပ်သား ၄၁ ဒသမ ၅ သန်းအထိ ရှိခဲ့သည်။ သို့သော်လည်း အဆိုပါ ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် လုပ်သားဈေးကွက်မှာ ထင်ရှားသော ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အလုပ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် အလုပ်ထွက်လိုက်ရသူ အရေအတွက်မှာ ၇၁,၀၀၀ အထိ တိုးတက်လာခဲ့ပြီး ယင်းတို့အနက် တစ်ဝက်နီးပါးမှာ လက်လီ၊ လက်ကားနှင့် ကုန်ထုတ်လုပ်ငန်း ကဏ္ဍများမှ မိမိသဘောဆန္ဒအတိုင်း အလုပ်မှ နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။
ပညာအရည်အချင်း ကဏ္ဍအလိုက် ကြည့်ပါက တက္ကသိုလ်ဘွဲ့ရရှိထားသူများသည် ၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံး စံချိန်တင်ခဲ့သည်။
ထို့အတူ လူမှုဖူလုံရေး စနစ်အောက်တွင် အလုပ်လက်မဲ့ ထောက်ပံ့ကြေး လျှောက်ထားသူ အရေအတွက်မှာ ၂၉၀,၀၀၀ အထိ မြင့်တက်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းမှုမှာလည်း ၇,၀၂၄ ခုအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
မိမိတို့ လုပ်ကိုင်လိုသည့် အချိန်ကာလထက် လျှော့နည်း၍ အလုပ်လုပ်ကိုင်နေရသူ (Underemployed) အရေအတွက်မှာ ၈ ရာခိုင်နှုန်း မြင့်တက်ကာ ၂ ဒသမ ၂ သန်းအထိ ရှိလာခဲ့သည့်အပြင် တစ်နှစ်ထက်မက အလုပ်လက်မဲ့ဖြစ်နေသူ အရေအတွက်မှာလည်း ၈၁,၀၀၀ အထိ မြင့်တက်ခဲ့သည်။
ပျမ်းမျှ လုပ်ခလစာ ပမာဏမှာလည်း ၀ ဒသမ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်လလျှင် ၁၅,၉၃၇ ဘတ် ရှိခဲ့သည်။ ယင်းအနက် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ဝင်ငွေ ၁ ဒသမ ၉၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သဖြင့် အထိနာဆုံးဖြစ်ခဲ့ကာ တစ်လလျှင် ၁၆,၀၅၉ ဘတ်သာ ရရှိခဲ့သည်။ တရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်းခွင်များမှ ဝန်ထမ်းများ၏ လစာမှာမူ ၀ ဒသမ ၉၀ ရာခိုင်နှုန်းအထိ အနည်းငယ် မြင့်တက်ခဲ့ပြီး ၁၅,၈၅၃ ဘတ် ရှိခဲ့သည်။
ထိုသုံးလပတ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၇၀ ရာခိုင်နှုန်း ရှိခဲ့သဖြင့် ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အလုပ်သမားများ၏ အမှန်တကယ် ကုန်ဝယ်နိုင်စွမ်းရှိသော လုပ်ခလစာ (Real wages) မှာ ၂ ဒသမ ၈၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ပျမ်းမျှ အလုပ်လုပ်ချိန် အနည်းငယ် ကျဆင်းခဲ့သော်လည်း တစ်ပတ်လျှင် နာရီ ၅၀ ထက်ပို၍ အလုပ်လုပ်ကိုင်သူ အရေအတွက်မှာ ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၆ ဒသမ ၅ သန်းအထိ ရှိလာခဲ့သည်။ မြင့်တက်လာသော ကုန်ကျစရိတ်များကို ကာမိစေရန် အလုပ်သမားများသည် အချိန်ပိုများ ပိုမိုလုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၁၂၆ အရ အလုပ်သမား သက်သာချောင်ချိရေး ရန်ပုံငွေ ဥပဒေအသစ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးမည်ဖြစ်သည်။ ယင်းဥပဒေသည် အလုပ်မှ နုတ်ထွက်ချိန်တွင် အလုပ်သမားများအား အစုလိုက် အပြုံလိုက် ရန်ပုံငွေ ထောက်ပံ့ကြေး ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေသည် အရန်ရန်ပုံငွေ (Provident fund) ကဲ့သို့သော အလားတူ အကျိုးခံစားခွင့်များ ထောက်ပံ့ပေးထားခြင်း မရှိသေးသည့် ဝန်ထမ်း ၁၀ ဦးနှင့်အထက် ရှိသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်မည်ဖြစ်သည်။ ယင်းစနစ်သည် ပစ်မှတ်ထားအုပ်စု၏ ၈၀ ဒသမ ၇ ရာခိုင်နှုန်း (လုပ်ငန်းပေါင်း ၁၀၇,၀၀၀ ကျော်) နှင့် အလုပ်သမား ၅ ဒသမ ၇ သန်းခန့်ကို လွှမ်းမိုး အကျိုးပြုနိုင်မည်ဟု မျှော်လင့်ရသည်။
အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၃၁ ခုနှစ် စက်တင်ဘာလအထိ လစာ၏ ၀ ဒသမ ၂၅ ရာခိုင်နှုန်းစီကို ရန်ပုံငွေသို့ ထည့်ဝင်ကြရမည်ဖြစ်သည်။ ထို့နောက် ၂၀၃၁ ခုနှစ် အောက်တိုဘာလမှစ၍ ထည့်ဝင်ရမည့် နှုန်းထားကို ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးမြှင့်သွားမည်ဖြစ်သည်။
မှတ်ပုံတင်ရန် ပျက်ကွက်သူ သို့မဟုတ် အချက်အလက်အမှားများ တင်သွင်းသည့် အလုပ်ရှင်များသည် ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်သည်။ ရန်ပုံငွေ ပေးသွင်းရန် ပျက်ကွက်သူ သို့မဟုတ် လျှော့နည်း ပေးသွင်းသူများသည် ပေးရန်ကျန်ရှိသည့် ပမာဏအပေါ် တစ်လလျှင် ၅ ရာခိုင်နှုန်း ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်သည်။
အဆိုပါ ရန်ပုံငွေအသစ်နှင့် ပတ်သက်၍ အလုပ်သမား အများအပြားမှာ မိမိတို့၏ အခွင့်အရေးများကို နားလည်သဘောပေါက်ခြင်း မရှိကြသေးဘဲ အောက်တိုဘာလတွင် စတင်မကျင့်သုံးမီ အများပြည်သူသို့ အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။
Ref: Thaiger
