သက်တံ့
၂၄. ၈. ၂၀၂၆
တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) ကို ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး သင်တန်းစင်တာတည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များကို ဒေသနှင့်ကိုက်ညီသည့် ပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ မြို့ကြီးရပ်ကွက်တွင် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) တည်ဆောက်မည့်မြေနေရာကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) တည်ဆောက်မည့် စီမံကိန်းအပိုင်းငါးခု၏ မြေနေရာများနှင့် တည်ဆောက်မည့်အဆောက်အအုံများ၊ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလျာထား ဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့သည် နိုင်ငံတော်က Smart City အဖြစ် ဘက်စုံအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေသည့် မြို့ဖြစ်သည့်အတွက် ယခုဆောက်လုပ်မည့် သင်တန်းစင်တာသည်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ပါကြောင်း၊ သင်တန်းစင်တာဆောက်လုပ်ရန်အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းအပိုင်းငါးခုကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်နှင့် ဘဏ္ဍာရေးနှစ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် တည်ဆောက်နိုင်ရေးကို တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ကွပ်ကဲရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
