၂၄.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နေဝင်းရပ်ကွက်၊ (၈)လမ်းတွင် ကလေးငယ်တစ်ဦး ရေစီးဖြင့် မျောပါပျောက်ဆုံးလျက်ရှိရာ ယနေ့ သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၇ မိနစ်ခန့်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေခဲ့သူများထံမှ သိရသည်။
သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူနှင့် အသက် ၁၃ နှစ်အရွယ် ညီဖြစ်သူတို့ ဖခင်၏ အုတ်ဂူကို သွားကြည့်စဥ် လမ်းခုလတ်၌ ရေစီးဖြင့်မျောပါကာ ပျောက်ဆုံးသဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် ဒေသခံများက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ အစ်ကိုဖြစ်သူကို ဝါးရုံပင်ကြားတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ညီဖြစ်သူမှာ ရေထဲသို့ မျောပါပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။






“လယ်ကွင်းက တာကျိုးပြီး လမ်းပေါ် ကျော်နေတဲ့ ရေစီးကြောင်းကနေ လက်တွဲပြီး ကူးလာတဲ့ ကလေးနှစ်ယောက်မျောသွားတာ။ ပျောက်နေတဲ့ တစ်ယောက်ကိုတော့ ဒီနေ့ပဲ ဗေဒါပုံ၊ အမှိုက်ပုံကြားမှာ အလောင်းပဲ ပြန်ရတယ်”ဟု ရေနစ်ပျောက်ဆုံးသူကို ရှာဖွေရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
သေဆုံးသူကလေးငယ်၏ရုပ်အလောင်းကို စမ်းချောင်းအရန်မီးသတ် ရဲသူရိန် အဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက Speed Boat ဖြင့် ကမ်းပေါ်သို့ သယ်ယူခဲ့ပြီး ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက သူနာတင်ယာဥ်ဖြင့် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
