၂၄.၈.၂၀၂၅
Translated by Htwe Ko Tun
ရုရှားအစိုးရက ဗြိတိန်အနေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်ဖို့အတွက် ဗြိတိန်က သူ့နိုင်ငံထုတ်မောင်းသူမဲ့လေယာဉ်ဒရုန်းတွေထောက်ပံ့နေတာဟာ ပဋိပက္ခကို ပိုမိုမြင့်မားအောင် လုပ်နေတာဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေရှိလာလိမ့်မယ်လို့ ပြီးခဲ့တဲ့အပတ်က ရုရှား သတိပေးခဲ့ပြီးနောက်မှာတော့ နဂိုကမှ အဆင်မပြေလှတဲ့ ရုရှားနဲ့ ဗြိတိန်တို့ ဆက်ဆံရေးက တင်းမာမှုလေးတွေစလာခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘာနမ်က ဩဂုတ်လ ၂၄ ရက်မှာ ယူကရိန်းကိုသွားရောက်မှာဖြစ်ပြီး ယူကရိန်းမှာ တာဝေးပစ်ဒုံးကျည် ပြည်တွင်း၌ထုတ်လုပ်မှုကို တိုးတက်စေဖို့ ဗြိတိန်ရဲ့ ပံ့ပိုးမှုကို ကြေညာမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့အပြီးမှာတော့ တင်းမာမှုက ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ရုရှားအစိုးရကလည်း လန်ဒန်ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဇူလိုင်လအတွင်းမှာပဲ ပြန်လည် ခေါ်ယူခဲ့တယ်လို့ ဩဂုတ်လ ၂၃ ရက်မှာပြောခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာမှုအတွက် ဗြိတိန်ကို အပြစ်တင်ခဲ့ပ့ါတယ်။
လန်ဒန်ရှိ ရုရှားသံရုံးက ဗြိတိန်အစိုးရရဲ့ လုပ်ရပ်တွေက မလွဲမသွေ အကျိုးဆက်တွေကို သယ်ဆောင်လာလိမ့်မယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပြီး ဗြိတိန်ဟာ စစ်ပွဲမှာ နက်ရှိုင်းတဲ့ပါဝင်ပတ်သက်မှုအတွက် ပိုမိုမြင့်မားတဲ့တန်ဖိုးကို ပေးဆပ်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။
သံရုံးက ဗြိတိန်ဟာ တိုက်ခိုက်မှုတွေရဲ့ ပူးပေါင်းကြံစည်သူနဲ့ ပူးတွဲကျူးလွန်သူ ဖြစ်လာပြီး ပဋိပက္ခမှာ တမင်တကာ တင်းမာမှုကို မြှင့်တင်ဖို့ ရွေးချယ်ဆောင်ရွက်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
သံရုံးက Telegram မှာတင်ထားတဲ့ မှတ်ချက်မှာတော့ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် အန်ဒရေ ကီလင်းရဲ့ သံတမန်တာဝန် အဆုံးသတ်တာနဲ့ပတ်သက်လို့ ရုရှားဘက်မှ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအဆင့်ကို လျှော့ချဖို့ ရည်ရွယ်ထားတယ်လို့ အဓိပ္ပာယ်မသက်ရောက်ဘူးလို့ ဆိုခဲ့ပါတယ်။
ရုရှားဘက်က ဒီလိုတင်းမာမှုတွေပြလာနေချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘာနမ် ကတော့ ယူကရိန်းအပေါ် ဗြိတိန်အစိုးရရဲ့ ထောက်ခံမှုက လုံးဝယိမ်းယိုင်သွားမှာမဟုတ်ဘူလို့ ပြောကြားခဲ့ပြီး ရုရှားရဲ့ သတိပေးမှုကို အာခံပြလိုက်ပြန်ပါတယ်။
“ကျွန်တော့်အတွက်တော့ အခြေအနေက ဒီလိုပါပဲ။ ကျွန်တော်တို့က ယူကရိန်းအနေနဲ့ ဘဝကောင်းပြီး အဆင်ပြေတဲ့အခါမှသာ သူငယ်ချင်းအဖြစ် ရှိနေမှာမဟုတ်ပါဘူး။ ယူကရိန်းဟာ ခက်ခဲတဲ့အချိန်တွေ ဒါမှမဟုတ် ကြီးမားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ကူညီဖို့ ရှိနေမှာဖြစ်ပြီး အဲဒါကလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။” လို့ ပြောခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ရုရှားနဲ့ ဗြိတိန်တို့ ဆက်ဆံရေးကတော့ ယူကရိန်းစစ်ပွဲ အကြောင်းခံလို့ တင်းမာမှုမြင့်သထက်မြင့်လာတယ်လို့ ဆိုရတော့မှာပါ။
Ref: AFP
