◾ ဘင်္ဂလီများကို မုဒိမ်းကျင့်သတ်ဖြတ်မှုအပြင် ဘင်္ဂလီတို့ပိုင်ဆိုင်မှုများကို AA က ခွဲဝေယူငင်ခဲ့ကြ၍ နေရပ်ပြန်ပို့ရေး ပိုမိုရှုပ်ထွေးလာစေနိုင်
နေမိုး
၁၂. ၈. ၂၀၂၆
ရခိုင်ပြည်နယ်မြောက်ပိုင်း တစ်ခွင်တွင် ဘင်္ဂါလီအရေး အကျပ်အတည်းသည် ဒေသတွင်းအဆင့်ထက် ပိုမိုသည့် လမ်းကြောင်းသစ်တစ်ခုဆီသို့ ရောက်ရှိနေသည်။ အကြမ်းဖက်မှုများ၊ ထွက်ပြေးတိမ်းရှောင်ရမှုများနှင့် အိမ်ခြေမဲ့ဖြစ်မှုတို့ကြောင့် အရပ်သားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆက်လက်ထွက်ပြေးနေကြရသည်။ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA သည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူသတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အဓ္မမစော်ကား ပြုကျင့် အကြမ်းဖက်မှု၊ အတင်းအကြပ် နေရပ်စွန့်ခွာစေမှုနှင့် ပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းဆည်းမှုတို့ကို ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာသစ်တစ်ခုက ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ဘင်္ဂလီလက်နက်ကိုင် ARSA ၏ ပြန်ကြားရေးနှင့် သတင်းအချက်အလက်ဌာန (DPRI) က ပြုစုခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအတွင်း သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း သို့မဟုတ် အတင်းအကြပ် ပျောက်ဆုံးသွားရခြင်းတို့ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသော ဘင်္ဂါလီအရပ်သား ၁,၅၀၄ ဦးထက်မက၏ အချက်အလက်များကို မှတ်တမ်းတင်ထားသည်။

အစီရင်ခံစာတွင် ဖော်ပြထားသည့် ကာလအတွင်း တပ်မတော်နှင့် AA တို့အကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီလူထုမှာ ထိုတိုက်ပွဲများကြားတွင် ပိတ်မိခဲ့ရသည်။ အများအပြားမှာ တိုက်ခိုက်ခံရမှုများ၊ သွားလာလှုပ်ရှားခွင့် ပိတ်ပင်ခံရမှုများနှင့် ရွှေ့ပြောင်းခံရမှုများကို ရင်ဆိုင်ခဲ့ရပြီး အချို့မှာ ဘေးကင်းသော ဒေသများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရသည်။
DPRI ၏ ပြောကြားချက်အရ အမှုပေါင်း ၁,၅၀၄ ခုအနက် ထိခိုက်ခံရသူ သီးသန့် ၈၂၃ ဦးကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။ စွပ်စွဲထားသော AA ကျူးလွန်သည့် ပြစ်မှုများတွင် သတ်ဖြတ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအကြပ် ပျောက်ဆုံးစေမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကြပ် စစ်သားစုဆောင်းမှု၊ ငွေကြေးဆက်ကြေးတောင်းခံမှုနှင့် ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးခြင်း သို့မဟုတ် သိမ်းဆည်းခြင်းတို့ ပါဝင်သည်။
ထို့အပြင် အမှန်တကယ် ထိခိုက်ခံရသူ အရေအတွက်မှာ ယခုထက်များစွာ ပိုမိုမြင့်မားနိုင်ကြောင်းလည်း အစီရင်ခံစာက သတိပေးထားသည်။ ထိခိုက်ခံရသူ အများအပြားကို မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်ခဲ့သလို မှတ်တမ်းလည်း မတင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အပြင်းထန်ဆုံး စွပ်စွဲချက်တစ်ခုမှာ ဘင်္ဂလားဒေ့ရှ်သို့ လှေဖြင့် ဖြတ်ကူးနိုင်ရေး ကြိုးပမ်းနေသည့် ထောင်ပေါင်းများစွာသော ဘင်္ဂါလီအရပ်သားများ နတ်မြစ်အနီးတွင် စုဝေးခဲ့ကြသည့် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည်။
DPRI အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် တိုက်ခိုက်ခံရမှုများ နှင့် မြစ်ဘက်သို့ အသည်းအသန် ထွက်ပြေးကြစဉ်အတွင်း ဘင်္ဂါလီ အရပ်သား ၄၀၀ ထက်မက သေဆုံးခဲ့ရသည်။ ထိခိုက်ခံရသူများတွင် အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ပါဝင်သည်ဟု ဆိုသည်။
အစီရင်ခံစာတွင် နတ်မြစ် ဖြစ်စဉ်ကို လေ့လာဆန်းစစ်ထားသည့် ကာလအတွင်း ဘင်္ဂါလီအရပ်သားများ ပါဝင်ပတ်သက်ခဲ့သည့် သေကြေပျက်စီးမှု အများဆုံး ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်သို့ ဖြတ်ကူးရန် ကြိုးပမ်းစဉ် လူပေါင်း ၂၀၀ ထက်မက သေဆုံးခဲ့သည်။ အချို့မှာ စက်လှေမှောက်၍ ရေနစ်သေဆုံးခဲ့ရပြီး အချို့မှာမူ ထွက်ပြေးရန် ကြိုးပမ်းစဉ် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကစဉ့်ကလျား ထွက်ပြေးရသည့် ဖြစ်စဉ်အတွင်း ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပြီး မိသားစုများ ကွဲကွာခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
DPRI က ကိုးကားဖော်ပြသည့် အခြားဖြစ်စဉ်တစ်ခုမှာ ၂၀၂၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က မောင်နီကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခြားသူများ ထွက်ပြေးသွားပြီးနောက် ရွာတွင် ကျန်ရစ်ခဲ့သော ဘင်္ဂါလီအရပ်သား ၃၅ ဦးမှာ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။
DPRI မှ စုဆောင်းရရှိထားသော သက်သေထွက်ဆိုချက်များအရ သေဆုံးသူများတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၉ ဦး ပါဝင်သည်။ ၎င်းတို့အနက် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ဦး ပါဝင်သည်။

အစီရင်ခံစာတွင် ဘင်္ဂါလီအမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် AA ၏ လိင်ပိုင်းဆိုင်ရာ မုဒိမ်းကျင့် အကြမ်းဖက်မှုများကိုလည်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ၁၁၂ ဦးထက်မက ရှိကြောင်း မှတ်တမ်းတင်ထားသည်။
အဆိုပါ ဖြစ်စဉ်များတွင် မုဒိမ်းကျင့်ခံရမှု၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရမှု၊ ထိန်းသိမ်းခံထားရစဉ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံများ ပါဝင်ကြောင်း သိရသည်။ DPRI က လက်စားချေခံရမည်ကို စိုးရိမ်ခြင်း၊ လူမှုအသိုင်းအဝိုင်း၏ ကဲ့ရဲ့ရှုတ်ချမှုနှင့် ထိရောက်သော အကာအကွယ် မရှိခြင်းတို့ကြောင့် ထိခိုက်ခံရသူ အများအပြားမှာ ထိုသို့သော AA ၏ အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားရန် တွန့်ဆုတ်နေကြရကြောင်း ပြောကြားခဲ့သည်။
အစီရင်ခံစာက ထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပွားခဲ့သည့် ဒေသများတွင် ပိုင်ဆိုင်မှု မြေယာအငြင်းပွားမှုများ ကြီးထွားလာနေခြင်းကိုလည်း ထောက်ပြထားသည်။ ဒေသခံများ နေရပ်စွန့်ခွာသွားရပြီးနောက် ဘင်္ဂါလီတို့၏ နေအိမ်များ၊ လယ်ယာမြေများ၊ ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ မွေးမြူရေးတိရစ္ဆာန်များနှင့် အခြားပိုင်ဆိုင်မှုများကို AA က လုယက်သိမ်းဆည်းခြင်း၊ သိမ်းပိုက်ထားခြင်း သို့မဟုတ် အခြားသူများထံ ပြန်လည်ခွဲဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့သော ဖြစ်ပေါ်မှုများသည် အနာဂတ် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များကို ပိုမိုရှုပ်ထွေးစေနိုင်သည်။ နေရပ်စွန့်ခွာရသည့် မိသားစုများသည် ပြန်လည်ရောက်ရှိချိန်တွင် မိမိတို့၏ အိမ်များ ဖျက်ဆီးခံထားရပြီး မြေယာ သို့မဟုတ် စီးပွားရေးလုပ်ငန်းများကို အခြားသူများ သိမ်းပိုက်ထားသည်ကို တွေ့ရှိရနိုင်သည်။
AA ၏ ကျူးလွန်မှုများအပေါ် ယခု ထုတ်ပြန်ချက်များသည် ဘင်္ဂါလီဒုက္ခသည် အရေအတွက် အများအပြားကို လက်ခံထားဆဲဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အထူးပင် အရေးပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများနှင့် မတည်ငြိမ်မှုများ ပြင်းထန်လာသောအခါ အရပ်သားများသည် နတ်မြစ်ဘက်သို့ ထွက်ပြေးကြသည့်အတွက် အကြမ်းဖက်မှုများသည် နယ်စပ်ဖြတ်ကျော်၍ မကြာခဏ ရိုက်ခတ်လေ့ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ ဘင်္ဂါလီဒုက္ခသည်များကို နောက်ဆုံးတွင် ပြန်လည်လက်ခံရန် ပြင်ဆင်မှုများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဤကိစ္စသည် ထိလွယ်ရှလွယ်သည့် အချိန်ဖြစ်နေသည်။
မည်သည့် နေရပ်ပြန်ရေး လုပ်ငန်းစဉ်မဆိုသည် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးထက် ပိုမိုသော အချက်များကို ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ မြေယာပိုင်ဆိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်းတို့သည်လည်း သော့ချက်ကျသော အချက်များဖြစ်လိမ့်မည်။
DPRI က စွပ်စွဲထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ တာဝန်ယူမှု/တာဝန်ခံမှု ဆိုင်ရာ အဖွဲ့အစည်းများကို တောင်းဆိုထားသည်။ ထို့အပြင် လူသတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မတရားဖမ်းဆီးမှုများ၊ အတင်းအကြပ် နေရပ်စွန့်ခွာစေမှုများနှင့် ပိုင်ဆိုင်မှု သိမ်းဆည်းမှုများနှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများကို ထိန်းသိမ်းထားရန်လည်း တိုက်တွန်းထားသည်။
အစီရင်ခံစာပါ တွေ့ရှိချက်များသည် တွေ့ဆုံမေးမြန်းမှုများ၊ ထိခိုက်ခံရသူများ၏ မှတ်တမ်းများ၊ မျက်မြင်သက်သေများ၏ ပြောကြားချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားအထောက်အကူပြု အချက်အလက်များအပေါ် အခြေခံထားကြောင်း ဆိုသည်။ DPRI က အမှုများကို ဖြစ်နိုင်သမျှ ပြန်လည်စိစစ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
Ref: BOB
