သက်တံ့
၂၄. ၉. ၂၀၂၆
နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ပြန်လည်စတင်ရန်နှင့် စစ်တကောင်းမြို့မှ ရန်ကုန်နှင့် စစ်တွေဆိပ်ကမ်းများအကြား ရေကြောင်းချိတ်ဆက်မှုများ ပြန်လည်ဖော်ဆောင်ရန် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
“နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနဲ့ ရေကြောင်းချိတ်ဆက်မှုတွေ ပြန်လည်စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု စစ်တကောင်းမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနတွင် ပြုလုပ်သည့် စစ်တကောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ၌ သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
နှစ်နိုင်ငံကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ ဆန်၊ ဂျင်း၊ ရာဘာနှင့် ငါးတို့ကို လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဝါး၊ ဓာတုဗေဒပစ္စည်းနှင့် အထည်ချုပ်ကုန်ပစ္စည်းများကို လည်းကောင်း ပိုမိုတိုးမြှင့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
ထို့အပြင် ရန်ကုန်မှ ဒါကာနှင့် စစ်တကောင်းမြို့များသို့ တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရေးအတွက်လည်း အစပျိုးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အကူအညီဖြင့် သဘာဝဓာတ်ငွေ့ရည် (LNG) ဗဟိုဌာနတစ်ခုကို ဖော်ဆောင်နေပြီး ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ဦးကျော်စိုးမိုးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များအရ ခိုင်မာသည့် နှစ်နိုင်ငံ ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံထံမှ LNG နှင့် လျှပ်စစ်ဓာတ်အား တင်သွင်းနိုင်မည့် အခွင့်အလမ်းများ ထွက်ပေါ်လာနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။
ထို့အပြင် သံအမတ်ကြီးက အဆိုပြုထားသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပြီး ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာပါက နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်ကြောင်း ပြောကြားခဲ့သည်။
အလားတူ နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်တည်တံ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲနိုင်ရန်အတွက် အစိုးရချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်ချင်းဖြစ်စေ ပိုမိုခိုင်မာသည့် ထိတွေ့ဆက်ဆံမှုများ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်ကြောင်း စစ်တကောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ မိုဟာမက် အာမီရူး ဟက်ခ် (Mohammad Amirul Haque) က ပြောကြားခဲ့သည်။
“စစ်တကောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ နီးကပ်မှုကို ကြည့်ရင် နှစ်နိုင်ငံကြား ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ရေး၊ ကုန်းလမ်းချိတ်ဆက်မှုနဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့ကလွဲလို့ အခြားနည်းလမ်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
စစ်တကောင်းသည် ပင်လယ်ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ အရေးပါသော ထွက်ပေါက်တစ်ခုဖြစ်သည့် ၎င်း၏ ဆိပ်ကမ်းနှင့် လေဆိပ်တို့ဖြင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဗဟိုဌာနအဖြစ် ပေါ်ထွက်လာနိုင်သည့် အလားအလာများရှိကြောင်း ဟက်ခ် က ပြောသည်။
စစ်တကောင်းလေဆိပ်အတွက် အစိုးရ၏ ရေးဆွဲထားသော စီမံကိန်းကြီးသည် ရန်ကုန်နှင့် အခြားဒေသတွင်း ခရီးစဉ်များသို့ လေကြောင်းလိုင်း ချိတ်ဆက်မှု ပိုမိုအားကောင်းစေရန် ကူညီပေးနိုင်လိမ့်မည်ဟု ၎င်းက ဆိုသည်။
အဆိုပြုထားသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံနှင့် ဒေသတွင်း ကုန်သွယ်မှုကို ပိုမိုကျယ်ပြန့်စေနိုင်ကြောင်းလည်း အသင်းချုပ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
အခြားသော တက်ရောက်လာသူများကလည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရန်အတွက် ဗီဇာအခက်အခဲများကို လျှော့ချပေးရန်၊ ရေကြောင်းဆိုင်ရာ ပရိုတိုကော စာချုပ်လက်မှတ်ရေးထိုးရန်နှင့် ငွေကြေးနှင့် ပေးချေမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။
ပိုမိုကြီးမားသည့် ယုံကြည်မှု၊ ပွင့်လင်းသည့် ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အသင်းချုပ် ဥက္ကဋ္ဌဟောင်း အင်ဂျင်နီယာ အလီ အာမက်၊ ဒုတိယဥက္ကဋ္ဌဟောင်း အမ်အေ ဆလမ်၊ ဒါရိုက်တာဟောင်း အက်စ်အမ် အဘူ တာယက်၊ မြန်မာသံရုံး သံမှူး ဦးထက်မြတ်လွင်၊ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် အေအိတ်ခ်ျအမ် ဟာကင်းမ် အလီ၊ အသင်းချုပ် ဒါရိုက်တာများဖြစ်ကြသည့် အမန် အူလာ အယ်လ် ဆာဂါ (ချူးတူး)၊ မိုဟာမက် အက်ခ်တာ ပါဗေးဇ်၊ အင်ဂျင်နီယာ မိုဟာမက် ဂိုလမ် ဆာဝါ စသူတို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် စစ်တကောင်း စတော့အိတ်ချိန်း၊ ရေကြောင်းပို့ဆောင်ရေးနှင့် သင်္ဘောလိုင်းကုမ္ပဏီများ၊ အမျိုးသမီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ဒေသတွင်း စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
Ref: TBS News
