◾ MNDAA ၏ နိုင်ငံရေးတရားဝင်မှု ဖြစ်စေရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စတို့လည်း အပြန်အလှန် ဆွေးနွေး
MT News
၂၅. ၉. ၂၀၂၆
အစိုးရငြိမ်းချမ်းရေးကော်မတီ NSPNC နှင့် ကိုးကန့်လက်နက်ကိုင် MNDAA တို့ စက်တင်ဘာ ၂၄ ရက်တွင် နေပြည်တော်၌ ပထမဆုံး တွေ့ဆုံခဲ့ပြီးနောက် လက်ရှိခက်ခဲစွာ ရရှိထားသော ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားထိန်းသိမ်း ကာကွယ်ရန် တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် အမြင်ကွဲလွဲမှုများကို ဖြေရှင်းရန်လိုကြောင်း MNDAA က တင်ပြခဲ့သလို MNDAA ၏ နိုင်ငံရေးတရားဝင်မှု ဖြစ်စေရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စတို့လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ် ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် (၁/၂၀၂၆) ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။






တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ MNTJP/MNDAA မှ MNTJP ပေါ်လစ်ဗျူရို အထွေထွေအတွင်း ရေးမှူး(၂) ဆက်ဆံရေးဌာန ဌာနမှူး ဖုန်ဝင်းနိုင်၊ MNTJP ပေါ်လစ်ဗျူရိုနှင့် နိုင်ငံရေးဌာန ဌာနမှူး ကျင်းရှင်း၊ ဗဟိုကော်မတီဝင် MNDAA စစ်ဦးစီးဌာန ဒုတိယ စစ်ဦးစီးမှူး လီရှိကြဲ၊ ဗဟိုကော်မတီဝင် MNDAA နိုင်ငံရေးဌာန ဒုတိယဌာနမှူး ချားတတ်အန်း၊ ဗဟိုကော်မတီဝင် အထူးဒေသအရာရှိသင်တန်းကျောင်း ဒုတိယကျောင်းအုပ် လီဖျင်ယုံ၊ ဆက်ဆံရေးဌာန ဒုတိယဌာနမှူး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာန ဒုတိယဌာနမှူး လီကြားခွမ်း၊ တပ်မဟာ(၆၁၁) ဒုတိယနိုင်ငံရေးမှူးနှင့် ပစ်ခတ် ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ရုံးတာဝန်ခံ ရွှေခိုင်၊ ဗဟိုကော်မတီရုံးအဖွဲ့ဝင် ရန်နိုင်၊ MNDAA နိုင်ငံရေးဌာန စည်းရုံးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ချစ်ကွားရွှင်၊ ဆက်ဆံရေးဌာန ရုံးအဖွဲ့ဝင် ရှဲယွီရှင်း၊ နိုင်ငံရေးဌာနရုံး အဖွဲ့ဝင် လီဝင်လုံတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားရာတွင် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီး နောက်ပိုင်း ယနေ့ MNDAA နှင့် တွေ့ဆုံမှုသည် နေပြည်တော်၌ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသ အထူးဒေသ(၁)ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပြီး အပြန်အလှန်ယုံကြည်မှုများရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မှစ၍ ပဋိပက္ခများဖြစ်ပွားလာပြီး နောက်ပိုင်းတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုသည့် ဆန္ဒများ ဖြစ်လာကြကြောင်း၊ နိုင်ငံရေးအရ ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပီပြင်အောင်ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် နည်းလမ်းရှာရမည် ဖြစ်ကြောင်း၊ ကိုးကန့်လူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးထားပြီးဖြစ်ကြောင်း၊ MNDAA ၏ ရေရှည်လိုလား ချက်အား နိုင်ငံတော်အစိုးရအနေဖြင့် ဖြေရှင်းပေးနိုင်သည်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အပြန်အလှန်နားလည်မှု တည်ဆောက်ရမည်ဖြစ် ကြောင်း၊ ယုံကြည်မှုတည်ဆောက်ရေးအတွက် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် မှီခိုမှုရှိရမည်ဖြစ် ကြောင်း၊ ဒေသမတည်ငြိမ်မှုကြောင့် ဒေသခံပြည်သူ လူထုများ နစ်နာဆုံးရှုံးရကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသတည်ငြိမ်ရန်လိုပါကြောင်း၊ လတ်တလောတွင် ဆုံးဖြတ်ရန်ခက်သည်များရှိပါက နောင်လာမည့် ဆွေးနွေးပွဲများတွင် ဆက်လက် ဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ရမည်ဖြစ် ကြောင်း၊ ယုံကြည်မှုတည်ဆောက်ပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းအား နှစ်ဖက်အဖြေရှာသွားရန်လိုကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် လိုလားချက်များအား ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲ တွင် နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတည်ဆောက် ခြင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် MNTJP/MNDAA မှ MNTJP ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး(၂) ဆက်ဆံရေးဌာန ဌာနမှူး ဖုန်ဝင်းနိုင်က နေပြည်တော်သို့ရောက်ရှိပြီး တွေ့ဆုံခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ NSPNC အနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေး ဖော်ဆောင်ရန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်စေရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ကြောင်း၊ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့်ပုံစံ ဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်သော လမ်းကြောင်းအား အထူးကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ် ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး အေးချမ်း သာယာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ကာလကြာရှည်ပဋိပက္ခများကြောင့် ပြည်သူများအတိဒုက္ခရောက်ရကြောင်း၊ သမိုင်းကို ပြန်ကြည့်ပါက သဘောထားကွဲလွဲမှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပေါက်ဖွားရန်မှာ လွယ်ကူပြီး ငြိမ်းချမ်း ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ဖော်ဆောင်နိုင် ရန် သက်ဆိုင်သူများအားလုံး၏ သဘောထားကြီးမှု သည် အရေးကြီးပါကြောင်း၊ လက်ရှိခက်ခဲစွာ ရရှိထားသော ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားထိန်းသိမ်းကာကွယ်ရန် တွေ့ဆုံ ဆွေးနွေးသော နည်းလမ်းဖြင့် အမြင်ကွဲလွဲမှုများကို ဖြေရှင်းကြရန်၊ အပြန်အလှန်ယုံကြည်မှုများကို တည်ဆောက်မြှင့်တင်ကြရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေဖန်တီးရန်လိုကြောင်း၊ တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် လက်ရှိရရှိထားသည့် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသားတန်းတူညီမျှရေးဟူသော နိုင်ငံရေး ရပ်တည်ချက်အပေါ်တွင် ခိုင်မာစွာရပ်တည်လျက် တိုင်းရင်းသားအားလုံးတည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်သော စစ်မှန်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထူးဒေသ တည်ထောင်ရေးကို လျှောက်လှမ်းရန် ကိုင်စွဲထားပါကြောင်း၊ ငြိမ်းချမ်းသောလမ်းစဉ်ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုဖူလုံရေး စသည့် လုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားလျက်ရှိပြီး တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်ရန် အထူး လိုလားပါကြောင်း၊ နှစ်ဖက်ကိုယ်စားလှယ်များ အပြန်အလှန်ဆက်သွယ်မှု၊ အမြင်ချင်းဖလှယ်ခြင်း တို့ကြောင့် ဒေသတွင်းတည်ငြိမ်မှု၊ ယုံကြည်မှုများ ခိုင်မြဲမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများအား အားပေးထောက်ခံကြောင်း၊ ရှိရင်းစွဲ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုများကို ခိုင်မာစေပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း ဖော်ဆောင်ရန် ဆန္ဒအပြည့်အဝရှိကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထု တစ်ရပ်လုံးအတူတကွအေးချမ်းစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကိစ္စရပ်များ၊ MNDAA ၏ နိုင်ငံရေးတရားဝင်မှု ဖြစ်စေရေးနှင့် တိုင်းရင်းသားများ တန်းတူညီမျှရှိရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသကို ဖြတ်သန်းသည့် စီမံကိန်းများဖော်ဆောင်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အကြား အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေးနှင့် နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် လာရောက်တွေ့ဆုံဆွေးနွေးမှု၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး လုပ်ငန်းစဉ်များအား ဖော်ဆောင်နိုင်မည့်ကိစ္စ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးတည်ပြီး နှစ်ဖက်ယုံကြည်မှု တည်ဆောက် ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် MNDAA တင်ပြသည့် ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုကြကာ ဒုတိယနေ့ဆက်လက် ဆွေးနွေးမှုကို ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ထပ်မံကျင်းပမည်ဟု သိရသည်။
ယင်းနောက် မြန်မာနိုင်ငံအမှန်တရားနှင့် တရား မျှတသောအမျိုးသားပါတီ (MNTJP/MNDAA) မှ MNTJP ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူး( ဆက်ဆံရေးဌာန ဌာနမှူး ဖုန်ဝင်းနိုင်က ကျေးဇူးတင် စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
