၂၅.၉.၂၀၂၆
Written by Linn Eain
အမျိုးသမီးငယ်နှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေလည်းရရှိမည်ဖြစ်သလို iPhone လည်းကိုင်ရမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ (၂၄)ရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို တစ်ရွာတည်းနေ မိုးမိုးအောင်(ခ)မမိုး၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သုခ(၂)ရပ်ကွက်နေ ခက်ခက်(ခ)နီနီဝင်း(ခ)မနီနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အမှတ်(၁) ရပ်ကွက်နေ မဖြူ(ခ)အဖြူတို့က တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၉၀/၁၀၀ ရရှိမည်၊ iPhone လည်းကိုင်ရမည်၊ အေးဆေးနေထိုင်ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးငယ် နှစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ရွှေမန္တလာခရီးသည်တင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသဖြင့် ကျူးလွန်သူများကို အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းတွင် (ပ)၄၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုဖွင့် တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုကျူးလွန်သူ အမျိုးသမီးသုံးဦးအနက် ခက်ခက် (ခ) နီနီဝင်း (ခ) မနီးကိုသာ ဖမ်းမိခဲ့ပြီး အောင်မြေသာစံခရိုင်တရားရုံးက စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းမိတရားခံ ခက်ခက်(ခ)နီနီဝင်း(ခ)မနီကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ (ခ) အဖြူတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ ဝရမ်းအတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
