MT News
၂၅. ၉. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွား၍ မိသားစုသုံးဦးပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် သေဆုံးယာဥ်မောင်းအား ယာဥ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအနီး မိတ္ထီလာ – တောင်ကြီးသွားကားလမ်း အပါချီဘိလပ်မြေစက်ရုံ အဝင်လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံခင်းဘိလပ်မြေစက်ရုံဝင်းနေ ဦးဇင်ငြိမ်းကို(၃၃)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မဝင်းထက်ထက်အောင်(၂၇)နှစ်နှင့် သမီးဖြစ်သူ မရွှေရင်ထက်(၃)နှစ်တို့ လိုက်ပါလာသည့် YGN-3 5R/XXXX DONGFENG ၂၂ ဘီး မော်တော်ယာဉ်သည် ဘိလပ်မြေစက်ရုံလမ်းမှ မိတ္ထီလာ – တောင်ကြီးသွားကားလမ်းပေါ်သို့ ဖြတ်တက်မောင်းနှင်စဉ် မိတ္ထီလာ – တောင်ကြီးသွားကားလမ်းအတိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ သဲပုံကျေးရွာနေ ကိုအေးမင်း(၂၇)နှစ် မောင်းနှင်လာသည့် MDY-17 9S/XXXX DONGFENG ၂၂ ဘီး မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဇင်ငြိမ်းကို၊ မဝင်းထက်ထက်အောင်နှင့် မရွှေရင်ထက်တို့ သုံးဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ဇင်ငြိမ်းကိုအား ယင်းမာပင်နယ်မြေရဲစခန်းက ယာဉ်(ပ)၁၂/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
