၂၅.၉.၂၀၂၆
Translated by Htwe Ko Tun
နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တောင်းဆိုချက်များပါဝင်သည့် နိုင်ငံတကာ ကြေညာချက်တစ်ရပ်ကို မြောက်ကိုရီးယားက ပယ်ချလိုက်ပြီး ထိုနိုင်ငံတကာ ကြေညာချက်ကို ကြီးမားသော နိုင်ငံရေးအရ စိန်ခေါ်လှုံ့ဆော်မှုတစ်ခုအဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။
နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်ရန် တိုက်တွန်းထားသည့် အဆိုပါ နိုင်ငံတကာကြေညာချက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်တွင် ပယ်ချလိုက်ပြီး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းကို ရန်လိုသော အင်အားစုများက မိမိတို့နိုင်ငံအပေါ် ပြုလုပ်သည့် ကြီးမားသော နိုင်ငံရေးအရ စိန်ခေါ်လှုံ့ဆော်မှုတစ်ခုအဖြစ် ပြောကြားခဲ့သည်။
ဩစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့ ပါဝင်သည့် ဘက်စုံ နျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ် မိတ်ဆွေနိုင်ငံများအဖွဲ့ (Friends of the Comprehensive Nuclear-Test-Ban Treaty) ၏ ဝန်ကြီးများအဆင့် အစည်းအဝေးတစ်ခုက မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှု အသစ်တစ်ခုခု ပြုလုပ်ခြင်းသည် တာဝန်မဲ့ရာရောက်ပြီး လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောကြားခဲ့သည်။
နယူးယော့ခ်မြို့၌ စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော အဆိုပါအစည်းအဝေးတွင် မြောက်ကိုရီးယားအစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင်မီဒီယာ KCNA မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် မိမိတို့နိုင်ငံသည် တာဝန်သိသော နျူကလီးယားလက်နက်ပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းက KCNA မှတစ်ဆင့် ထုတ်ပြန်ခဲ့သော နောက်ထပ်ကြေညာချက်တစ်ခုတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အခြေအနေသည် ပြန်ပြောင်း၍မရနိုင်သော အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချွဲဆွန်ဟွီ၏ ပြောကြားချက်က ဤအပတ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် ဘေးထွက်အစီအစဉ်အဖြစ် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အကြား ပြုလုပ်ခဲ့သော သီးခြားအစည်းအဝေးတစ်ခုအပေါ် တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ၎င်းတို့သုံးနိုင်ငံသည် မြောက်ကိုရီးယားကို နျူကလီးယားကင်းစင်သော နိုင်ငံဖြစ်လာစေရေး အတွက် အပြည့်အဝ ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။
၁၉၉၆ ခုနှစ်တွင်သဘောတူညီခဲ့သော ကလီးယားလက်နက်စမ်းသပ်ပေါက်ကွဲစေမှုအားလုံးကို တားမြစ်ရေးဆိုင်ရာ စာချုပ်က နျူကလီးယားလက်နက်များကို လျှော့ချရန်နှင့် နောက်ဆုံးတွင် လုံးဝဖျက်သိမ်းပစ်ရန်ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့မည်သည့်နေရာတွင်မဆို “နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု သို့မဟုတ် အခြားသော နျူကလီးယား ဆိုင်ရာ စမ်းသပ်ဖောက်ခွဲမှု မည်သည့်အမျိုးအစားကိုမဆို တားမြစ်ထားသည်။
Ref. CNA
