သက်တံ့
၂၄. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီကမ်းလွန်တွင် ဖြစ်ပွားခဲ့သည့် “S. Kanchanawari 888” ငါးဖမ်းလှေ ပင်လယ်အတွင်း နစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေဆဲဖြစ်သော မြန်မာသင်္ဘောသား ၅ ဦးအား ရှာဖွေရန် ထိုင်းဘုရင့်ရေတပ်၊ အမှတ် (၁) ရေကြောင်းလုံခြုံရေးဌာနချုပ်က အထူးစစ်ဆင်ရေးအဖွဲ့နှင့် ရေငုပ်သမားများကို စေလွှတ်လိုက်သည်။
ပျောက်ဆုံးနေသည့် သင်္ဘောသားအချို့သည် နစ်မြုပ်သွားသည့် လှေပျက်ကြီးအတွင်း ပိတ်မိနေနိုင်သည်ဆိုသည့် သတင်းအချက်အလက်များ ထွက်ပေါ်လာပြီးနောက် အဆိုပါ ရှာဖွေရေးစစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။
အမှတ် (၁) ရေတပ်ဒေသ၏ အထူးစစ်ဆင်ရေးအဖွဲ့သည် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Navy SEAL) ရေငုပ်သမားများ အပါအဝင် စတ္တာဟီးပ် (Sattahip) မြို့ရှိ သဝမ် ရိုဂျာနသမ် ဖောင်ဒေးရှင်းနှင့် ပတ္တရားမြို့ရှိ သဝမ် ဘိုရီဘွန် သမ္မာဆထန် ဖောင်ဒေးရှင်းတို့မှ ရေငုပ်အဖွဲ့များနှင့် ပူးပေါင်း၍ ပင်လယ်ရေပြင်ရှာဖွေရေးအတွက် အင်အားဖြန့်ကျက်ခဲ့သည်။

အဆိုပါ အဖွဲ့များသည် ချွန်ဘူရီပြည်နယ်၊ စတ္တာဟီးပ် ရေတပ်စခန်းရှိ လမ် သီယမ် (Laem Thian) သင်္ဘောဆိပ်မှ ကင်းလှည့်ရေယာဉ် “Tor 112” ဖြင့် ထွက်ခွာခဲ့ပြီး S. Kanchanawari 888 နစ်မြုပ်ခဲ့သည့် နေရာသို့ ဦးတည်သွားရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်မှာ အနည်းဆုံး ၃ နာရီခန့် ကြာမြင့်မည်ဟု မျှော်လင့်ရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိပါက တာဝန်ရှိသူများသည် ရေငုပ်သမားများအား စေလွှတ်၍ နစ်မြုပ်လှေကို စစ်ဆေးရှာဖွေမှုမပြုမီ ရာသီဥတုအခြေအနေ၊ ရေစီးကြောင်း၊ ရေအောက်မြင်ကွင်းနှင့် ရေငုပ်အဖွဲ့၏ ဘေးကင်းလုံခြုံရေးတို့ကို ဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ရေငုပ်သမားများသည် ပျောက်ဆုံးနေသူများအား ရှာဖွေရန် လှေပျက်အတွင်း ဝင်ရောက်စစ်ဆေးမည်ဖြစ်ပြီး တွေ့ရှိသည့် ရုပ်လောင်းများကို ပြန်လည်ဆယ်ယူမည်ဖြစ်သည်။

ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား ၅ ဦးမှာ ၁။ ကိုစိုးလတ် (အသက် ၃၈ နှစ်) ၂။ ကိုစန်းထိုက် (အသက် ၄၇ နှစ်) ၃။ ကိုနိုင်ဦး (အသက် ၄၅ နှစ်) ၄။ ကိုထွန်းလွင် (အသက် ၂၂ နှစ်) နှင့် ၅။ ကိုခင်မောင်အေး (အသက် ၄၇ နှစ်) တို့ ဖြစ်ကြသည်။
ပျောက်ဆုံးနေသူများ လှေအတွင်း ရှိမရှိကို အာဏာပိုင်များက အတည်မပြုနိုင်သေးပေ။ တာဝန်ရှိသူများသည် ရေငုပ်စစ်ဆင်ရေး ရလဒ်များကို စောင့်ဆိုင်းသွားမည်ဖြစ်သည်။
လှေပျက်အား ရှာဖွေစစ်ဆေးမှုများ ပြီးစီးပါက အာဏာပိုင်များသည် S. Kanchanawari 888 ကို ပြန်လည်ဆယ်ယူ၍ ကမ်းခြေသို့ တွန်းဆွဲယူဆောင်ရန် စီစဉ်မည်ဖြစ်သည်။ ထို့နောက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ မတိုင်မီ လှေနစ်မြုပ်ရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန်အတွက် အဆိုပါ ရေယာဉ်ကို စစ်ဆေးသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီကမ်းလွန်တွင် ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦး ပါဝင်သော ငါးဖမ်းလှေတစ်စီး စက်တင်ဘာ ၂၁ ရက်ညက တိမ်းမှောက်ခဲ့ပြီးနောက် ၁၅ ဦးသာ ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေခြင်းဖြစ်သည်။
Ref: Khaosod
