သက်တံ့
၂၄. ၉. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ဘေးကင်းစွာ၊ သဘောဆန္ဒအလျောက် အမှန်တကယ် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ထွက်ခွာနိုင်မည့် အခြေအနေများ ဖန်တီးပေးရန်အတွက် အဆင့်မြင့် ကုလသမဂ္ဂ အစည်းအဝေးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) က အချက် ၅ ချက်ပါ အဆိုပြုချက်ကို တင်ပြရင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဒုက္ခသည်များအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုအကျပ်အတည်းကို ဖြေရှင်းရာတွင် စိတ်ဓာတ်ခိုင်မာစွာဖြင့် ၎င်းတို့ ပြန်လည်နေထိုင်နိုင်မည့် အခြေအနေများ ဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။
“ဘင်္ဂလားဒေ့ရှ်ဟာ လူသားချင်းစာနာမှုနဲ့အတူ သူ့ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ပြီးပါပြီ။ အခုအခါမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်”ဟု ရာမန်က ဆိုခဲ့သလို “လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ခဲ့ရင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့ ပြန်လည်ထွက်ခွာနိုင်ရေးကို ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဂမ်ဘီယာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသည့် ဘင်္ဂါလီအကျပ်အတည်းဆိုင်ရာ ကုလသမဂ္ဂ ကော်မတီအစည်းအဝေးတွင် ဗုဒ္ဓဟူးနေ့နံနက်က တာရစ် က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် ဗြိတိန်၊ အမေရိကန်၊ တူရကီနှင့် မလေးရှားတို့ အပါအဝင် ၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ အဆိုပြုချက် ၅ ချက်မှာ –
၁။ ရှင်းလင်း၍ ခိုင်မာသော လမ်းပြမြေပုံ ရေးဆွဲရေး – နိုင်ငံတကာနှင့် ဒေသတွင်း သက်ဆိုင်သူများသည် ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ လျင်မြန်စွာ၊ ဘေးကင်းစွာ၊ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့စွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် ရှင်းလင်း၍ ခိုင်မာသော လမ်းပြမြေပုံတစ်ခုကို ရေးဆွဲရမည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အခြားသော နိုင်ငံများသည် တည်ငြိမ်ရေး ကြိုးပမ်းမှုများကို ကူညီပေးရမည်ဖြစ်ပြီး မိမိတို့၏ သဩဇာကို အသုံးပြုကာ မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်ရေးအတွက် သင့်လျော်သော အခြေအနေများ ဖန်တီးပေးရမည်။
၂။ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် အခွင့်အရေးများ အာမခံပေးရေး – မြန်မာနိုင်ငံရှိ ဘင်္ဂါလီများနှင့် အခြားသော အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို ရပ်တန့်ရမည်။ ဘင်္ဂါလီများ ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လည်သွားရောက်ရန် ယုံကြည်မှု ပြန်လည်ရရှိစေရေးအတွက် ၎င်းတို့၏ မူလအခွင့်အရေးများနှင့် ဘေးကင်းလုံခြုံမှုကို အာမခံပေးရမည်။
၃။ လူသားချင်းစာနာမှုနှင့် လက်ခံထားသည့် လူ့အသိုင်းအဝိုင်းအား ကူညီရေး – နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဘင်္ဂါလီများအတွက် လုံလောက်ပြီး ခန့်မှန်းတွက်ချက်နိုင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးရမည်။ အလားတူပင် လက်ခံစောင့်ရှောက်ထားသည့် ဒေသခံ လူ့အသိုင်းအဝိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များမှာ ထိခိုက်မှုမရှိစေရန်အတွက် ၎င်းတို့အား သင့်တော်သည့် ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးရမည်။
၄။ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး – ရေရှည်တည်တံ့သော ပြန်လည်ပို့ဆောင်ရေးအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမှာ မရှိမဖြစ် လိုအပ်သည်။ နိုင်ငံတကာတရားရုံး (ICJ) တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ဦးဆောင်ပါဝင်ပေးခဲ့သည့် ဂမ်ဘီယာနိုင်ငံ၏ ဦးဆောင်မှုကို ဘင်္ဂလားဒေ့ရှ်က အထူးကျေးဇူးတင်ရှိသည်။ အလားတူပင် အခြားသော နိုင်ငံတကာ တရားစီရင်ရေးနှင့် စုံစမ်းစစ်ဆေးရေး ယန္တရားများနှင့်အတူ တစ်သီးပုဂ္ဂလ ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုကို အတည်ပြုရာတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ အရေးပါသော အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုသည်။ နိုင်ငံတကာ တရားစီရင်ရေးနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းများကို ဆက်လက်ကူညီပေးရမည်ဖြစ်ပြီး ကြီးလေးသော ပြစ်မှုများကို ကျူးလွန်သူများကိုလည်း တာဝန်ယူ စစ်ဆေးမေးမြန်းရမည်။
၅။ နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို တိုက်ဖျက်ရေး – ဒေသတွင်း မတည်ငြိမ်မှုကို မီးထိုးပေးနေသည့် မူးယစ်ဆေးဝါးအပေါ် အခြေခံသည့် စီးပွားရေး၊ လူကုန်ကူးမှု၊ ဒစ်ဂျစ်တယ် လိမ်လည်မှု၊ တရားမဝင် လက်နက်များနှင့် အခြားသော နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို တိုက်ဖျက်ရန် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည်။ ဟု ဖြစ်သည်။
ထို့အပြင် ယခုအချိန်သည် စာနာသနားမှုသက်သက် ပေးအပ်ခြင်းမှလွန်၍ အကျပ်အတည်း၏ ပင်မဇာစ်မြစ်နှင့် ၎င်း၏ ဖြေရှင်းနည်းများကို ဖော်ထုတ်ရမည့်အချိန်ဖြစ်သည်ဟု တာရစ် က ထပ်လောင်းပြောကြားခဲ့သည်။ ယင်းအပြင် ကတိကဝတ်များ ပေးနေခြင်းမှ အမှန်တကယ် ထိရောက်သော အကောင်အထည်ဖော်မှုများဆီသို့ ကူးပြောင်းရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း၊ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်မှုကို ထိန်းသိမ်းရုံမျှမက အပြီးသတ် ချုပ်ငြိမ်းစေရန် ဆောင်ရွက်ရမည့်အချိန် ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
Ref: bdnews.24
