နေမိုး
၂၄. ၉. ၂၀၂၆
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်တွင် လက်နက်ကိုင်ထကြွနေသော NUG ဩဇာခံ PDF များ အခြေပြုနေသည့် အထူးတိုင်းစစ်ဌာနချုပ်ကို တပ်မတော်က ယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် CDM လုပ်သွားသူ တပ်မတော်သားဟောင်းနှစ်ဦးအပါအဝင် PDF လက်နက်ကိုင် ကိုးဦးထက်မနည်း ထိခိုက်သေဆုံးသွားသည်ဟု NUG ထောက်ခံသည့် မီဒီယာများက တစ်ပြေးညီ ဖော်ပြနေသည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံများ၏ ဌာနချုပ်ဖြစ်သည့် အထူးတိုင်းစစ်ဌာနချုပ်ကို တပ်မတော်က လေကြောင်းမှ လေယာဥ်ငါးစင်းဖြင့် ဗုံး ၆ လုံးထက်မနည်း တစ်ပြိုင်နက် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းဖော်ပြမှုများအရ သိရသည်။
ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်မတော်ကို သစ္စာဖောက်ဖျက်သွားသည့် ဝန်ထမ်းဟောင်းနှစ်ဦးဖြစ်သော ဗိုလ်မှူးဟောင်းနေလင်းအောင် သေဆုံး သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရခြင်းနှင့် တပ်ကြပ်ကြီးဟောင်း နေဝင်းအောင် သေဆုံးသွားခဲ့သဖြင့် လူမှုကွန်ရက်တွင် တပ်မတော်ထောက်ခံသူများက ပဲဆိပ်သင့်ပြီဟုဆိုကာ မျှဝေနေကြသည်ကိုလည်း တွေ့ရသည်။
ထိုသို့ သစ္စာမဲ့ CDM ဝန်ထမ်းဟောင်းနှစ်ဦး သေဆုံးဒဏ်ရာရမှုအပြင် အထူးတိုင်းစစ်ဌာန၏ တာဝန်ခံ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ၏ တပ်မှူး အောင်စံရှား ဒဏ်ရာအပြင်းအထန်ရပြီး PDF ခြောက်ဦး ပွဲချင်းပြီးသေကာ အများအပြားဒဏ်ရာရသည်ဟု ကနဦး သိရသော်လည်း NUG နှင့် အထူးတိုင်းစစ်ဌာနတို့က ဝန်ခံ ထုတ်ပြန်လာခြင်းမရှိသေးချေ။
NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ၏ အထူးတိုင်းစစ်ဌာနမှာ တာဝန်ခံအောင်စံရှားဦးစီးသော SOF အပါအဝင် PDF တပ်ရင်း ၁၂ ခု၊ ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့နှင့် လက်ရုံးတပ်ဖွဲ့များ ဖွဲ့ကာ KNU တပ်မဟာ (၆) နယ်မြေဖြစ်သော စစ်တောင်းမြစ်ဝှမ်းကို အခြေပြုထားသဖြင့် တပ်မတော်၏ လေယာဥ်ငါးစင်းဖြင့် ဗုံးကြဲမှုအတွင်း PDF ရာချီ ထိခိုက်ဒဏ်ရာရသည်ဟုလည်း သတင်းအချို့က ဖော်ပြသည်။
ထို့ကြောင့် MT News အနေဖြင့် တင်လင်းအောင်၊ နေဝင်းအောင်နှင့် အောင်စံရှားတို့ အမှန်တကယ် သေမသေနှင့် PDF ရာချီ သေဆုံးဒဏ်ရာရမှု အခြေအနေများကို ဆက်လက် စုံစမ်းနေပြီး အသေးစိတ်သိရသည်များ ထပ်မံ ဖော်ပြပေးသွားမည်ဖြစ်သည်။
