MT News
၂၄. ၉. ၂၀၂၆
မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန်အားထုတ်နေမှုများ ရှိနေကြောင်း ပြည်သူများ သတိပြုရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Facebook နှင့် Tiktok Account အချို့မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးပုံများ၊ ဦးစီးဌာန Logo များ၊ ဦးစီးဌာနဝန်ထမ်းများမှ ကျေးရွာများတွင် စီမံကိန်းရန်ပုံငွေထုတ်ချေးနေသည့် မှတ်တမ်း ဓါတ်ပုံများနှင့် သင်တန်းပို့ချနေသည့် မှတ်တမ်းဓာတ်ပုံများကို Photoshop ဖြင့် ပြုပြင်၍ ငွေကြေး လိမ်လည်ရန် အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိနေရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် လွှတ်တော်အသီးသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေးကော်မတီ(TPIC)အဖွဲ့တို့မှ စီမံကိန်းလက်စွဲစာစောင်ပါ ကျေးရွာရွေးချယ်ရေး သတ်မှတ်စံနှုန်း များနှင့်အညီပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ခြင်း၊ စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများသို့ ကွင်း ဆင်း၍ စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်း ခြင်းနှင့် စီမံကိန်းရန်ပုံငွေအား ကျေးရွာသို့တိုက်ရိုက်မတည်ပေးခြင်းဖြစ်ပြီး ကျေးရွာလူထုကိုယ်တိုင် စီမံခန့်ခွဲလျက်ရှိသဖြင့် အသင်းသူ/အသင်းသားများမှ ငွေကြေးတစ်စုံတစ်ရာပေးရန်မလိုဘဲ စီမံကိန်း ရန်ပုံငွေမှ ချေးငွေရယူ၍ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား Facebook နှင့် Tiktok ကဲ့သို့သော Social Media များမှတဆင့် ထုတ်ချေးမှုမရှိပါသဖြင့် အများပြည်သူအနေဖြင့် ငွေကြေးလိမ်လည်ခံရမှုမရှိ စေရေး အထူးဂရုပြုရန်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်စဉ် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လိုသည့် ကျေးရွာများရှိပါက သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။
