သက်တံ့
၂၄. ၉. ၂၀၂၆
မလေးရှားနိုင်ငံ၊ ကေတာဘာရူးမြို့၊ လင်းဘားဆီရေး (Lembah Sireh) ဘတ်စ်ကားဂိတ်တွင် ယမန်နေ့ညက ပြုလုပ်ခဲ့သည့် ‘Ops Taring Wawasan’ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ လာရောက်နိုင်ရေး စီစဉ်ပေးသည့် ပွဲစားအား ရင်းဂစ် ၁၅,၀၀၀ ခန့် (ယခုငွေစျေးအရ မြန်မာကျပ်ငွေ ၁၆၅ သိန်းခန့်) ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
အသက် ၂၀ အရွယ်ရှိ အဆိုပါ သံသယရှိသူအား ဘတ်စ်ကားဂိတ်ဝင်းအတွင်း မသင်္ကာဖွယ် တွေ့ရှိခဲ့ရသဖြင့် ည ၁၀ နာရီခွဲအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း အရှေ့တောင်ပိုင်းဒေသ အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) တပ်ဖွဲ့မှူး အာမက် ရာဇီ ဟူစိန် (Ahmad Radzi Hussain) က ပြောကြားခဲ့သည်။
မိမိကိုယ်ကိုယ် ‘လိုဘီယာ မိုလ်တက်စ်’ (Lobia Moltas) ဟု ထွက်ဆိုသည့် ထိုသူသည် တရားဝင် အထောက်အထားစာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိဘဲ အတုဖြစ်နိုင်ဖွယ်ရှိသော A4 အရွယ်အစား စာရွက်စာတမ်း မိတ္တူတစ်ခုကိုသာ ပြသနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ သံသယရှိသူကို ကေတာဘာရူးခရိုင် ရဲဌာနချုပ်၊ ပြစ်မှုရှာဖွေစုံစမ်းရေးဌာနဆီ လွှဲပြောင်းပေးပို့ထားပါတယ်” ဟု အာမက် ရာဇီ က ကြာသပတေးနေ့ (စက်တင်ဘာ ၂၄ ရက်) ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အာမက် ရာဇီ၏ ပြောကြားချက်အရ အခြေခံစုံစမ်းစစ်ဆေးမှုများတွင် သံသယရှိသူသည် မြန်မာနိုင်ငံ၊ မိတ္ထီလာမြို့မှ ဂျိုဟိုးပြည်နယ်၊ ဂီလန်ပါတေး (Gelang Patah) သို့ ရေကြောင်းခရီးဖြင့် ၈ ရက်ခန့် သွားရောက်ကာ ၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
“သံသယရှိသူဟာ မြန်မာနိုင်ငံကနေ မလေးရှားကို လာဖို့အတွက် ခရီးစဉ်စီစဉ်ပေးတဲ့ ပွဲစားကို ရင်းဂစ် ၁၅,၀၀၀ (၂၀၂၄ ခုနှစ် ငွေစျေးအရ ၇,၇၁၉,၆၆၀) ပေးခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်” ဟု ၎င်းက ပြောသည်။
ထို့နောက် သံသယရှိသူသည် ဂျိုဟိုးပြည်နယ်၊ ကူလိုင်း (Kulai) မြို့တွင် မော်တော်ယာဉ်ပြင်ဆင်ရေးနှင့် ဆေးသုတ်လုပ်ငန်းများ၌ လုပ်ကိုင်ခဲ့ကြောင်း ထပ်လောင်းဝန်ခံခဲ့သည်။
“ဖမ်းဆီးရမိချိန်မှာ သံသယရှိသူဟာ ဂျိုဟိုးကိုပြန်ဖို့ ဘတ်စ်ကားစောင့်နေတာလို့ ထွက်ဆိုခဲ့ပြီး ကီလန်တန် (Kelantan) ပြည်နယ်ကို လာတာကတော့ သူငယ်ချင်းတစ်ဦးနဲ့ တွေ့ဆုံဖို့ဖြစ်တယ်လို့ ပြောပါတယ်” ဟု အာမက် ရာဇီ က ဆိုသည်။
အဆိုပါ သံသယရှိသူအား ၁၉၅၉/၁၉၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)(c) အရ ထိန်းသိမ်းထားကြောင်း အာမက် ရာဇီက ပြောကြားခဲ့သည်။
Ref: The Star
