၂၄.၉ .၂၀၂၆
Written by Linn Eain
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသားဦးရေ ၆ ဒသမ ၂ သန်းခန့်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် မေးခွန်းကို ရှင်းလင်းဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ” ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်လျက် ရှိပါတယ်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ သတ်မှတ်ချက်များနှင့် အကျုံးဝင်သူ အမျိုးသားများကိုသာ ဆင့်ခေါ်လျက်ရှိပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူတဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင်ရန် အသက်အရွယ်အရ အကျုံးဝင်သူ အမျိုးသားဦးရေ ၆ ဒသမ ၂ သန်းခန့် ရှိပါတယ် ” ဟု ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။



ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နယ်မြေ၊ ဒေသအားလုံးမှာ ပြည်သူ့စစ်မှုထမ်းရန် သတ်မှတ်ချက်နှင့် အကျုံးဝင်ကိုက်ညီသူအားလုံးကို တစ်ပြိုင်တည်း အင်အားတစ်ပြေးညီ သတ်မှတ်ခေါ်ယူမှုမျိုးမဟုတ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေ၊ ဒေသ၊ မြို့နယ်အလိုက် အကျုံးဝင် လူဦးရေ၊ လူဦးရေသိပ်သည်းမှု၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေ စသည်များကို အသေးစိတ် အခြေခံတွက်ချက်ပြီး အချိုးကျ သတ်မှတ်ဆင့်ခေါ်စေခဲ့ခြင်းဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၆၆,၀၀၀ ကျော်ရှိသည့်အတွက် လက်ရှိ လစဉ် ဆင့်ခေါ်နေသည့် အင်အားအရ ရပ်ကွက်၊ ကျေးရွာတိုင်း လစဉ် ပြည်သူ့စစ်မှုထမ်းစုဆောင်းပေးရန် မလိုဘဲအလှည့်ကျလျှင် သတ်မှတ်အရေအတွက် အနည်းငယ်သာ ဆင့်ခေါ်ပေးနေခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ဆက်လက်ပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဥ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် အလွန်အရေးကြီးပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ အသေးစိတ် စီမံလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်ကြီးဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ရှင်းလင်းဖြေကြားခဲ့သည်။
” ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်ဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အလွန်အရေးကြီးပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် မဖြစ်မနေ လုပ်ရတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်သလို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဖြင့် အသေးစိတ် စီမံလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်ကြီးဖြစ်ပါတယ် ” ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ဆင့်ခေါ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့် ရသူများကိုလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများအရ သတ်မှတ်ချက်များအပြင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖြေလျှော့ပေးထားသည့် သတ်မှတ်ချက်များအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အဆင့်ဆင့်စိစစ်ပြီး ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်ရရှိနိုင်သည့် သတ်မှတ်ချက်များကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းကိစ္စသည် မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အချက်အချာကျတည်ရှိနေမှုကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကား မြင့်မားရန်လိုအပ်မှုရှိနေခြင်း၊ နိုင်ငံတော်ကို ကာကွယ်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ခြင်းကြောင့် ဥပဒေအရအကျုံးဝင်သူ အမျိုးသားများနိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခွင့်ရရှိစေခြင်းတို့အပြင် တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသူ ပြည်သူ့စစ်မှုထမ်းများ အရပ်ဘက်သို့ ပြန်လည်ရောက်ရှိသွားပါက တပ်မတော်အပေါ် စာနာနားလည်စိတ်နှင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာစေရေးကို အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် မဖြစ်မနေ လိုအပ်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
