သက်တံ့
၂၄. ၉. ၂၀၂၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဥဘုံ ရတ်ချဌာနီ (Ubon Ratchathani) ပြည်နယ်တွင် အသက် ၁၄ နှစ်အရွယ် သမီးငယ်က မိခင်ဖြစ်သူထံ တိုင်ကြားအကူအညီတောင်းခဲ့ပြီးနောက် ၃ နှစ်နီးပါးကြာ သမီးရင်းကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အသက် ၄၈ နှစ်အရွယ် ဖခင်အရင်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ဥဘုံ ရတ်ချဌာနီပြည်နယ်၊ ကွတ်ခေါပွန်း (Kut Khaopun) ရဲစခန်းမှ ရဲအရာရှိများသည် အနိုင်ကျင့်စော်ကားခံရသူများကို ကူညီပေးနေသည့် “ပါဝီနာ ဟုန်းဆာကွန်း ကလေးနှင့် အမျိုးသမီးများ ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း” (Pavena Hongsakul Foundation for Children and Women) နှင့် ပူးပေါင်း၍ အင်္ဂါနေ့က ထိုအမျိုးသားကို ၎င်း၏နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားအား မူးယစ်ဆေးဝါး စစ်ဆေးခဲ့ရာ ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရသည်။ လက်ရှိတွင် မိခင်ဖြစ်သူက ခင်ပွန်းဟောင်းဖြစ်သူအား အသက် ၁၃ နှစ်အောက် ကလေးသူငယ်အား မုဒိမ်းကျင့်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ၎င်းအား ချုပ်မိန့်ရယူရန် ပြည်နယ်တရားရုံးသို့ တင်ပြနိုင်ရေး ပြင်ဆင်လျက်ရှိသည်။
ထိုဖြစ်ရပ်တွင် ဥဘုံ ရတ်ချဌာနီမှ မိုင် ၆၀၀ (ကီလိုမီတာ ၆၀၀) ခန့် ဝေးကွာသော အယုဒ္ဓယ (Ayutthaya) မြို့တွင် နေထိုင်သည့် မိခင်ဖြစ်သူသည် သမီးဖြစ်သူထံမှ ငိုယို၍ ဖုန်းဆက်အကူအညီတောင်းခံရရှိပြီးနောက် တနင်္လာနေ့တွင် ဖောင်ဒေးရှင်းသို့ လာရောက်အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
သမီးဖြစ်သူ၏ ပြောကြားချက်အရ စာသင်ကျောင်းနေ အရွယ်ကတည်းက မတော်မတရား ထိပါးနှောင့်ယှက်ခံခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်တွင် မုဒိမ်းကျင့်ခံခဲ့ရကြောင်း၊ အကယ်၍ တစ်စုံတစ်ဦးအား ထုတ်ပြောပါက ကျောင်းစရိတ် ဆက်လက်မထောက်ပံ့တော့ဟု ဖခင်ဖြစ်သူက ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ နောက်ဆုံး မုဒိမ်းကျင့်ခံခဲ့ရသည့် ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက်နေ့က ဖြစ်သည်။
မိခင်ဖြစ်သူ၏ ထွက်ဆိုချက်အရ သမီးဖြစ်သူ ငယ်စဉ်ကတည်းက ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူက သမီးငယ်ကို ဥဘုံ ရတ်ချဌာနီရှိ ၎င်း၏ မိခင် (အဘွား) ထံတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့နောက် ခင်ပွန်းဖြစ်သူသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ထောင်မှလွတ်မြောက်လာချိန်တွင် သမီးဖြစ်သူကို ၎င်းနှင့်အတူ လာရောက်နေထိုင်စေကာ မိခင်ဖြစ်သူနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မိခင်ဖြစ်သူက ဥဘုံ ရတ်ချဌာနီသို့ တစ်ယောက်တည်း သွားရောက်ရန် ကြောက်ရွံ့နေသည့်အတွက် ဖောင်ဒေးရှင်းသို့ ကြားဝင်ကူညီပေးပါရန် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပါဝီနာ ဟုန်းဆာကွန်းက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရက်ဖုန်း ဘူသီယန် (Pol Col Rakpong Buathian) ထံ ဆက်သွယ်၍ မိခင်ဖြစ်သူ အမှုဖွင့်တိုင်ကြားနိုင်ရန် သွားရေးလာရေး စီစဉ်ပေးခဲ့သည်။ ပြည်နယ် ကလေးနှင့် မိသားစု ရိပ်သာမှ တာဝန်ရှိသူ နူဆတ် ဆာဆင်း (Nusart Sasen) က ရဲအရာရှိများနှင့်အတူ ကလေးမလေးကို ၎င်း၏ စာသင်ကျောင်းမှ သွားရောက်ခေါ်ဆောင်ခဲ့သည်။
လက်ရှိတွင် ဖခင်အရင်း၏ ပြုကျင့်ခံရသူ ကလေးမလေးအား စောင့်ရှောက်ရေးရိပ်သာ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိပြီး ဆေးစစ်မှုများ ပြုလုပ်သွားမည်ဖြစ်သလို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကျွမ်းကျင်သူများအဖွဲ့ကလည်း မေးမြန်းစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ဥပဒေကြောင်းအရ လုပ်ငန်းစဉ်များ ပြီးစီးပါက မိခင်နှင့် သမီးဖြစ်သူအား အယုဒ္ဓယသို့ ပြန်လည်ပို့ဆောင်ရေး၊ ကျောင်းပြောင်းရွှေ့နိုင်ရေးနှင့် တရားရေးဝန်ကြီးဌာန၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနထံမှ လျော်ကြေးငွေ ရရှိနိုင်ရေးအတွက်ပါ ကူညီပေးသွားမည်ဟု ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။
Ref: Thaiger
