၂၄.၉.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၄)၊ ပန်းတင်လမ်းမဘေးရှိ နေအိမ်တစ်အိမ်တွင် လူငယ်တစ်ဦးထံမှ ပစ္စတို သုံးလက်နှင့် မူးယစ်ဆေးဝါးများကို စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
လက်နက်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသော စိုင်းဆီမှာ ကွန်ဟိန်းမြို့နယ်၊ ဆိုက်ခေါင်ရွာတွင်နေထိုင်သူဖြစ်ပြီး တောင်ကြီးမြို့တွင် ယာဉ်မောင်းအဖြစ် လာရောက်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များက စိုင်းဆီနေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ Glock 26 Gen-4 နှင့် Glock 26 Gen-4 အမျိုးအစား ပစ္စတို နှစ်လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၀ တောင့်၊ GLOCK-17 AUSTRIA Gas ပစ္စတို ၁ လက်၊ Gas ပစ္စတိုကျည်အိမ် ၁ ခု၊ Happy Water ၅၀ ဂရမ်၊ ကတ်တမင်း ၁၀ ဂရမ်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမိးမိသူ စိုင်းဆီကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပေဒအရ ၁၉(က)/ ၂၂(ခ)/ ၂၁ ဖြင့် တောင်ကြီးနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
