၂၄.၉.၂၀၂၆
Written By Thandar
The Ray Production နဲ့ Uni TV တို့ ပူပေါင်းတင်ဆက်ရိုက်ကူးမယ့် အချစ်ဒရာမာရသစုံပါဝင်တဲ့ “ရုပ်သေးကြိုး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ရုပ်သေးကြိုး ရုပ်သံဇာတ်လမ်းတွဲက ရိုက်ကူးလက်စလေးပေါ့နော်။ ကိုယ့်ကို ရုပ်သေးကြိုးဆိုတဲ့အတိုင်း အကုန်လုံးက ကိုယ့်ကို ဝိုင်းဆွဲထားကြတယ်။ ရုပ်သေးလေးပါ… ကြိုးတွေကတော့ အရမ်းများတော့လေ။ ဒါပေမယ့် သူတို့ကြိုးဆွဲရာအတိုင်း ကမလား။ ကြိုးတွေပျက်သွားမလားဆိုတော့ ဇာတ်လမ်းတွဲမှာ လက်ခံကြည့်ပေးပါလို့ ပြောချင်ပါတယ်။ ရှိုင်းကိုယ်တိုင်လည်း ဒီဇာတ်လေးကို သဘောလို့ လက်ခံရိုက်ကူးဖြစ်တာပါ”လို့ သရုပ်ဆောင်ဇော်ရှိုင်းထက်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကြီးကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ D.O.P သားငယ်၊ တွဲဘက်ဒါရိုက်တာ ဆူးခက်မင်း၊ ဒါရိုက်တာ နေသူရှိန်က အချစ် ဒရာမာ အက်ရှင် စတဲ့ ရသစုံပါဝင်ထားတဲ့ ဇာတ်လမ်းကို ရိုက်ကူးပုံဖော်နေလျှက်ရှိတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ရဲလွင်ဦး၊ ဇော်ရှိုင်းထက်၊ မင်းအာကာ၊ ညီနန္ဒ၊ ခြူးစစ်ဟန်၊ ဥဩသံသာ၊ ရှင်းလဲ့သျှီ၊ သတ္တိ၊ မင်းသူ၊ ခိုင်မြဲ၊ ကံပွင့်၊ ထက်လင်း၊ ဝါဝါမေမောင်၊ လှနုထွန်း၊ အင်ကြင်း၊ ဇီးကွက်၊ ရဲရင့်၊ ဦးဇော်ကြီးနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။ အပိုင်း ၂၀ ပါဝင်မယ့် ရုပ်သေးကြိုး ဇာတ်လမ်းတွဲကို လက်ရှိ ရိုက်ကူးပုံဖော်နေမှုတွေလုပ်ဆောင်နေလျှက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဇာတ်လမ်းတွဲမှာတော့ ချစ်စရာကောင်းတဲ့ စန္ဒကူးဆိုတဲ့ နေရာကပါဝင်ထားပါတယ်။ ခြူးစစ်က ဒီဇာတ်ကားမှာ အမေနေရာကတော့ မလှနုထွန်းပေါ့။ အဖေနေရာက ကိုသတ္တိဆိုတော့လေ။ တကယ်တော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ ဇာတ်လေးပါ။ ရှိုင်းနဲ့ ခြူးစစ် အစုံဆင်းန်လေးတွေ တော်တော်လေးလည်း များပါတယ်။ သူကလည်း ကြိုးစားတဲ့လူငယ်တစ်ယောက်ပါ”လို့ သရုပ်ဆောင်ခြူးစစ်ဟန်က ပြောပါတယ်။
