သက်တံ့
၂၆. ၉. ၂၀၂၆
ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ (DR Congo) တွင် လေယာဉ်တစ်စီး စက်ချို့ယွင်းမှုဖြစ်ပွားပြီး ပျက်ကျခဲ့မှုကြောင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီး နှစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
သေဆုံးသွားသည့် စစ်ဘက်အရာရှိကြီး နှစ်ဦးမှာ စစ်ခုံရုံးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မူတွမ်ဘို ကာတာလာယီ တီယန်ဒေး (Lieutenant General Mutombo Katalayi Tiende) နှင့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘာကူမီ လီကူလီယာ (Lieutenant General Bakumi Likulia) တို့ဖြစ်ကြောင်း အေပီသတင်းဌာန (Associated Press) က ဖော်ပြထားသည်။
ပျက်ကျသည့်လေယာဉ်သည့် စစ်သုံးလေယာဉ်မဟုတ်ဘဲ Czech (ချက်သမ္မတနိုင်ငံ) လုပ် Let L-410 အမျိုးအစား ဒိုင်ပရိုပလာ တာဘိုအင်ဂျင်နှစ်လုံးတပ် လေယာဉ်ငယ်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ပို့ဆောင်ရေး လေယာဉ်ခရီးစဉ် (Military transport flight) အဖြစ် ပျံသန်းခဲ့ခြင်းဖြစ်သည်။
ကွန်ဂိုတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အီးဖိုမီ အီကန်ဂျီ (Major General Efomi Ekenge) က အဆိုပါ လေယာဉ်ပျက်ကျမှုအတွင်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် လေယာဉ်အဖွဲ့သား ၁၂ ဦးလည်း သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။
ကွန်ဂိုအနောက်တောင်ပိုင်း ကစ်ကဝစ် (Kikwit) မြို့မှ မြို့တော် ကင်ရှာဆာ (Kinshasa) သို့ ပြန်လည်ထွက်ခွာလာစဉ် အဆိုပါ လေယာဉ်မှာ စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ကင်းဂျီ (Kenge) မြို့အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ လေယာဉ်ပေါ်ပါရှိသူ အားလုံး သေဆုံးခဲ့ရသည်။
ဗိုလ်ချုပ် အီကန်ဂျီ က လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် အနီးကပ်အခြေအနေများကို စုံစမ်းဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကွန်ဂို မြို့ဘက်ဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့ (Civil Aviation Authority) ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ထရိုင်ဖွန် ကင်ကီး မူလမ်ဘာ (Tryphon Kin-Kiey Mulumba) ကမူ ပျက်ကျရသည့် အဓိကအကြောင်းရင်းကို ချက်ချင်းအတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုသည် ကွန်ဂိုတပ်မတော်အနေဖြင့် နိုင်ငံ၏ အရှေ့ဘက်ဒေသတွင် ရဝမ်ဒါနိုင်ငံက နောက်ကွယ်မှ ထောက်ပံ့ထားသော M23 အပါအဝင် သောင်းကျန်းသူအဖွဲ့အစည်း အများအပြားနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သောင်းကျန်းသူများ၏ တိုက်ခိုက်မှုများကြောင့် အဓိကကျသော မြို့အများအပြားကို သိမ်းပိုက်ခံခဲ့ရပြီးနောက် ထိုဒေသတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာနေသည်။
Ref: News18
