၂၆.၉.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားသည့် ရေကြောင်းပိတ်ဆို့မှုကို ရုပ်သိမ်းခြင်း၊ အီရန်ရေနံရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခြင်းနှင့် လက်ဘနွန်နိုင်ငံပါ ပါဝင်မည့် အပစ်အခတ်ရပ်စဲရေးကို လိုက်နာဆောင်ရွက်ခြင်းတို့ ပြုလုပ်ပါက ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးပြီး နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုများကို ခုနစ်ရက်အတွင်း ပြန်လည်စတင်မည်ဟု အီရန်အစိုးရ က စက်တင်ဘာလ ၂၅ ရက်က ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အရပ်ဖ်ချီက စက်တင်ဘာလ ၂၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရုံးအပြင်ဘက်၌ သတင်းထောက်များအား ဤကမ်းလှမ်းချက်အသေးစိတ်ကို ရှင်းပြခဲ့ပြီး၊ ယင်းကမ်းလှမ်းချက်က အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် ရပ်တန့်နေသော ဆွေးနွေးမှုများကိုလည်း ပြန်လည်စတင်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုက ဒီအစီအစဉ်ကို လက်ခံလိုက်တာနဲ့ ခုနစ်ရက်ကြာ အစီအစဉ် အချိန်ဇယား အရ စတင်ဆောင်ရွက်မှာပါ” ဟု ၎င်းက ဆိုခဲ့သည်။
ထိုခုနစ်ရက်ကြာ အစီအစဉ်အရ ရှေးဦးအဆင့် လုပ်ငန်းစဉ်များ ဟုဆိုရမည့် အီရန်အပေါ် ရေကြောင်း ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်း၊ ရေနံဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခြင်း၊ ထိန်းချုပ်ခံ ထားရသည့် အီရန်ပိုင်ဆိုင်ငွေ ဒေါ်လာ ၁၂ ဘီလျံကို ပြန်လည်ထုတ်ပေးခြင်းနှင့် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကို လိုက်နာဆောင်ရွက်ခြင်းတို့ကို ငါးရက်အတွင်း ပြုလုပ်ကြမည်ဖြစ်သည်။
ထို့နောက် ဆဋ္ဌမမြောက်နေ့တွင် ရေလက်ကြားကို စီးပွားရေးနှင့်ကုန်သွယ်ရေကြောင်းသွားလာမှုအတွက် အီရန်က ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အရပ်ဖ်ချီက ပြောကြားခဲ့သည်။ ၎င်းက “ပြီးတော့ သတ္တမမြောက်နေ့မှာတော့ နှစ်ဖက်သဘောတူညီထားတဲ့ ကိစ္စရပ်တွေအတွက် အပြီးသတ်သဘောတူညီချက်ရယူဖို့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို စတင်မှာဖြစ်ပါတယ်” ဟု အီရန်၏ နျူကလီးယားအစီအစဉ်ကို ရည်ညွှန်းကာ ဆက်လက် ပြောဆိုခဲ့သည်။
စစ်ပွဲမဖြစ်ပွားမီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ လမ်းကြောင်းဖြစ်ခဲ့သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့နှောင့်ယှက်ခဲ့ခြင်းက ပဋိပက္ခအတွက် အဓိက ညှိနှိုင်းရမည့်ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ ပိတ်ဆို့မှု၏သက်ရောက်မှုများကို အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်၍ ကျယ်ပြန့်စွာ ခံစားခဲ့ကြရပြီး နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ သမ္မတ ဒေါ်နယ်ဒ် ထရမ့ပ်နှင့် ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီတို့အတွက် နိုင်ငံရေးဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။


အိမ်ဖြူတော်ဘက်ကမူ အမေရိကန်အရာရှိများအနေဖြင့် အီရန်စစ်ပွဲနှင့်ပတ်သက်၍ ကြားဝင်စေ့စပ်သူများနှင့် အပြုသဘောဆောင်ပြီး အကျိုးရှိစေမည့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းသာ ပြောကြားခဲ့သည်။ မေးမြန်းချက်များကို တုံ့ပြန်ရာတွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အရေးပါသော ရေနံတင်ပို့မှုများကို အမေရိကန်က အလေးပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုခဲ့သည်။
ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံများဘက်မှ ဤကမ်းလှမ်းချက်အပေါ် ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း၊ လျှို့ဝှက်ဆွေးနွေးမှုများနှင့်ပတ်သက်၍ အမည်မဖော်လိုသူ သတင်းရင်းမြစ်နှင့်နီးစပ်သူတစ်ဦးက ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ဤကမ်းလှမ်းချက်အသစ်အပေါ် သံသယရှိနေကြောင်း AP သတင်းဌာနသို့ ပြောခဲ့သည်။
ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်ထံ ပေးပို့ခဲ့သော အီရန်၏ ဤအဆိုပြုချက်က ဇွန်လက နှစ်နိုင်ငံကြားရရှိခဲ့သည့် ကြားဖြတ်သဘောတူညီချက်နှင့် များစွာဆင်တူသော်လည်း အချိန်ဇယားမှာမူ ပိုမိုမြန်ဆန်သည့်ပုံစံ ဖြစ်သည်။ ရက်ပေါင်း ၆၀ ကြာ ကြားဖြတ်ကာလ သတ်မှတ်ထားသည့် ယခင်ကြားဖြတ်သဘောတူညီချက်မှာ ရေလက်ကြားအတွင်း သင်္ဘောများကို အီရန်က ပြန်လည် တိုက်ခိုက်လာမှုကြောင့် လျင်မြန်စွာ ပျက်ပြားသွားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်ပ် ကမူ ရေနံဈေးနှုန်းမြင့်တက်မှုက ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်နေစေ သော်လည်း သဘောတူညီချက်တစ်ခု ရရှိရေးအတွက် မိမိအနေဖြင့် အလျင်စလို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားထားခဲ့သည်။ အီရန်ဘက်တွင်လည်းလုံခြုံရေးတပ်ဖွဲ့များကို လွှမ်းမိုးထားသည့် သဘောထားတင်းမာသူများအနေဖြင့် သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် ကဲ့သို့သော အလယ်အလတ် သဘောထားရှိသူများ၏ အမေရိကန်နှင့် အပေးအယူလုပ်ဆောင်ရေး အဆိုပြုချက်များကို လက်ခံမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေရသည်ဟု ဆိုသည်။
သို့သော် သဘောတူညီချက်ရရှိရန် ကြိုးပမ်းမှုများစွာ မအောင်မြင်ခဲ့ပြီးနောက် နှစ်ဖက်စလုံးတွင်လည်း သံသယစိတ်များ မြင့်တက်လျက်ရှိသည်။ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ဖူးသလို၊ ဇွန်လက ရရှိခဲ့သော သဘောတူညီချက်ကို အခြားတစ်ဖက်က လျင်မြန်စွာ ချိုးဖောက်ခဲ့သည်ဟု အမေရိကန်နှင့် အီရန်တို့က အပြန်အလှန် စွပ်စွဲပြောဆိုထားကြသည်။
အဆိုပါ အဆိုပြုချက်တွင် လက်ဘနွန်နိုင်ငံကိစ္စ ပါဝင်မည်ဖြစ်ပြီး၊ ထိုနိုင်ငံ၌ အစ္စရေးနှင့် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေးကို အဓိကထား လိုက်နာ ကျင့်သုံးလျက်ရှိသည်။ သို့သော် ကမ္ဘာ့ဈေးကွက်များအပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့သည့် ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီ သူပုန်များနှင့် ဆော်ဒီအာရေဗျတို့အကြား ပြန်လည် ဖြစ်ပွားလာသောပဋိပက္ခလည်းအဆိုပြုချက်တွင် ပါဝင်မည်လောဆိုသည်မှာ ရှင်းလင်းစွာ မသိသေးပေ။
Ref-AP
