နေမိုး
၂၆. ၉. ၂၀၂၆
တပ်မတော်ရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) အနီးနဲ့ ပြင်ဦးလွင်မြို့လယ်မှာ တည်ရှိတဲ့ 7 Glory ဖုန်းဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရမှု ဒီနေ့ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာလ၂၆ ရက် ညနေ၃ နာရီခွဲခန့်အချိန်မှာ ပြင်ဦးလွင်မြို့လယ်၊ သုမင်္ဂလာစျေးအနီးနဲ့ စျေးလေးမီးပွိုင့်အရှေ့မှာရှိတဲ့ ပြင်ဦးလွင်မြို့ရဲ့ တစ်ဆိုင်တည်းသော Apple ထုတ်ကုန်သီးသန့်ရောင်းတဲ့ 7 Glory ဖုန်းဆိုင်ဓားပြတိုက်ခံရမှုမှာ မော်ဒယ်မြင့် တန်ဖိုးကြီးဖုန်းတွေပါသွားတယ်လို့လည်း သိရပါတယ်။
7 Glory Mobile Sale, Service & Second Hands ဆိုင် ပိုင်ရှင်ဖြစ်သူကလည်း လူမှုကွန်ရက်မှာ “မြို့လယ်ခေါင်ကြီး နေ့ခင်းကြောင်တောင် ပြည့်တို့ 7 Glory ဖုန်းဆိုင် ဓားပြတိုက်ခံရ” လို့ ရေးသားထားတာ တွေ့ရပါတယ်။
ဒါ့အပြင် “7 Glory မေမြို့ ကျနော့ဖုန်းဆိုင် နေ့လည် 3:30 ဓားမြတိုက်ခံလိုက်ရပါတယ်ဗျ iPhone အမြင့်အကုန်ပါသွားပါတယ် (သတ်ပုံမူရင်း)” လို့ လှိုင်းဝဏ္ဏထွေးအကောင့်ပိုင်ရှင်က ရေးသားထားတာ တွေ့ရပါတယ်။
ဒီဖြစ်စဥ်မှာ လူထိခိုက်မှုမရှိဘူးလို့လည်း သိရပြီး အသေးစိတ်ဖြစ်စဥ်ကို MT News က ဆက်လက်စုံစမ်းဖော်ပြပေးပါမယ်။
