သက်တံ့
၂၆. ၉. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းခရိုင်၊ မီယာဆာရိုင်း (Mirsarai) မြို့၌ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ခြမ်းသို့ ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၄၈ တန် ခိုးထုတ်ရန် ကြိုးပမ်းစဉ် သံသယရှိသူ မှောင်ခိုသမား ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် (BCG) က သောကြာနေ့အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
သတင်းပေးချက်အရ မီယာဆာရိုင်း ကမ်းခြေစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် နံနက် ၁ နာရီခန့်တွင် မီယာဆာရိုင်း ရဲစခန်းပိုင် အီချာခါလီဆိပ်ကမ်း (Ichakhali Ghat) ဧရိယာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်၏ ပြန်ကြားရေးအရာရှိ ဒုတိယရေတပ်မှူး ဆပ်ဗီးယား အာလမ် ဆူဂျွန် (Sabbir Alam Sujon) က ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်သည် ကာလတန်ဖိုး ဘင်္ဂလားဒေ့ရှ်တာကာ ၃၃ ဒသမ ၆၀ သိန်းခန့် (အလေးချိန် ကီလိုဂရမ် ၄၈,၀၀၀ ရှိ) ယူရီးယားဓာတ်မြေဩဇာ ၉၆၀ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဓာတ်မြေဩဇာများကို ကုန်တင်ကား ၄ စီးပေါ်မှ ငါးဖမ်းစက်လှေတစ်စီးပေါ်သို့ ပြောင်းရွှေ့တင်ဆောင်နေစဉ် ကမ်းခြေစောင့်တပ်က ဝင်ရောက်တားဆီးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။
မှောင်ခိုကူးရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ကုန်တင်ကား ၄ စီးနှင့် ငါးဖမ်းစက်လှေတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော ဓာတ်မြေဩဇာများ၊ ယာဉ်များနှင့် စက်လှေတို့အပြင် ဖမ်းဆီးရမိသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် အမှုဆောင်တရားသူကြီး (Executive Magistrate) တစ်ဦး၏ ရှေ့မှောက်တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးအရာရှိက ပြောကြားခဲ့သည်။
Ref: News Age
