၂၇.၉.၂၀၂၆
Written by KL
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ Wave Mobile ဖုန်းဆိုင်ရှေ့တွင် ရပ်ထားသော မော်တော်ယာဥ်တစ်စီးအား ခိုးယူမောင်းနှင်ခဲ့သော အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က သော့တန်းလန်းနှင့် ရပ်ထားသော Toyota Crown အမျိုးအစား အဖြူရောင်မော်တော်ယာဥ်မှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များက စုံစမ်းရှာဖွေခဲ့ရာ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်သင်္ချိုင်းလမ်းဆုံအနီး၌ ကားနံပါတ်ပြားဖြုတ်ကာ မောင်းနှင်လာသော မော်တော်ယာဥ်ကို ရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍ တားဆီးစစ်ဆေးရာမှ ကားခိုးသူကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ရဲက ကားကိုတားတော့ သူက တိုက်ပြီး မောင်းပြေးလို့ နောက်ကနေလိုက်ဖမ်းရာကနေ မကာဟိုခမ်းရပ်ကွက်၊ စိန်ဂျူးဘုရားကျောင်းရှေ့က သုတလမ်းဘေးမှာ ကျုးလွန်သူကို ဖမ်းမိတာပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းမိသူမှာ အသက် ၃၃ နှစ်အရွယ် ဟိန်းဇော်ဆိုသူဖြစ်ပြီး တာချီလိတ်ရဲတပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
