၂၇.၉.၂၀၂၆
Written by KL
ဆိုင်ကယ်တစ်စီးက စက်ဘီးကို ချိတ်မိရာမှ စက်ဘီးစီးလာသောအသက် ၈၀ ကျော် အဘိုးအို သေဆုံးမှု စက်တင်ဘာလ ၂၆ ရက် ည ၆ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်ရှိ ပဲခူး-သနပ်ပင် ကားလမ်းပေါ် ဟင်္သာကုန်း မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
ပဲခူးမြို့တွင်းဘက်မှ သနပ်ပင်မြို့ဘက်သို့ အသက် ၁၇နှစ်အရွယ် မောင်ဇော်လင်း မောင်းနှင်လာသော ဆိုင်ကယ်က အရှိန်ပြင်းမောင်းနှင်ကာ အသက် ၈၃ နှစ်အရွယ် အဘိုးအို ဦးတင်ရွှေစီးနင်းလာသော စက်ဘီးကို ပွတ်ချိတ်ကာ တိုက်မိခဲ့သဖြင့် စက်ဘီးမှာ လဲကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

စက်ဘီးတိမ်းမှောက်မှုကြောင့် ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် စက်ဘီးစီးလာသူ အဘိုးအို ဦးတင်ရွှေတွင် ဘယ်ဘက်ပါး ပွန်းခြစ်ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သိရသည်။
“အသက်မပြည့်သေးတဲ့ကလေးတွေ ဆိုင်ကယ်မောင်းတာ အန္တရာယ် အရမ်းများတယ်၊ ဆင်ခြင်နိုင်စွမ်းကမရှိ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနားမလည်နဲ့ မောင်းချင်သလိုမောင်းနေတာ ဖြစ်တော့မှ မကယ်နိုင်ဘူး၊ အသက်မပြည့်သေးတဲ့ကလေးတွေကို ဆိုင်ကယ်တွေ ကားတွေမောင်းခိုင်းတာတွေကို အရေးယူစေချင်ပါတယ်”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

အဘိုးအိုသေဆုံးမှုကြောင့် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ်မောင်းသူအသက် ၁၇ နှစ်အရွယ် မောင်ဇော်လင်းကို ပဲခူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ၂၅ရက်၊ နံနက် ၇ နာရီခန့်ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက် နာဂဝန် (၃) လမ်းတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက မီနီဘတ်စ် မော်တော်ယာဥ်ကို နောက်ဆုတ်မောင်းနှင်ရာမှ လမ်းပေါ်ဆော့ကစားနေသော ၆ နှစ်အရွယ် ကလေးငယ်ကို ကြိတ်မိကာသေဆုံးမှု ဖြစ်ပွားခဲ့သည်။
