၁၂.၈.၂၀၂၆
Translated by Htwe Ko Tun
အီရန်ဆိပ်ကမ်းများကို အမေရိကန်က ပိတ်ဆို့ထားမှုအား ချိုးဖောက်ရန်ကြိုးစားသော ပနားမားအလံ လွှင့်ထူထားသည့် ကုန်တင်သင်္ဘောတစ်စင်း၏ အင်ဂျင်ခန်းထဲသို့ အမေရိကန်ရဟတ်ယာဉ်တစ်စင်းက သြဂုတ်လ ၁၁ ရက်တွင် ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
အမေရိကန်ဗဟိုစစ်တိုင်းဌာနချုပ် (CENTCOM) က အမေရိကန်ရေတပ် MH-60 ရဟတ်ယာဉ်သည် အဆိုပါ M/V Vela Nova သင်္ဘောပေါ်ရှိ အရပ်သားဝန်ထမ်းများသည် အမေရိကန်တပ်ဖွဲ့များ၏ အကြိမ်ကြိမ်သတိပေးချက်များကို လျစ်လျူရှုပြီးနောက် သင်္ဘောကို ပစ်ခတ်ပျက်ယွင်းစေခဲ့သည်ဟု X လူမှုကွန်ရက်တွင် ပြောကြားခဲ့ပြီး သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုကို ချိုးဖောက်၍ အီရန်သို့ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်က အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့မှုကို ဇူလိုင်လ ၁၄ ရက်တွင် ပြန်လည်စတင်ပြီးနောက် အီရန်နှင့် လပေါင်းများစွာကြာ စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုက အီရန်ဆိပ်ကမ်းများသို့ ဝင်ရောက်မည့် သင်္ဘောတစ်စင်းကို ဤကဲ့သို့ အတင်းအကြပ် ရပ်တန့်စေခဲ့သည်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။
CENTCOM က သြဂုတ်လ ၁၁ ရက်အထိ ပိတ်ဆို့မှုကို ဖြတ်သန်းရန် ကြိုးစားခဲ့သော သင်္ဘော ၅၅ စင်းကို ပြန်လည်လမ်းကြောင်းပြောင်းပေးခဲ့ပြီး အခြားသင်္ဘောနှစ်စင်းပေါ်သို့ သြဂုတ်လ ၁၁ ရက် ဖြစ်ရပ်ကဲ့သို့ပင် တက်ရောက်စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည် ဧပြီ ၁၃ ရက်မှ ဇွန် ၁၈ ရက်အထိ အီရန်ဆိပ်ကမ်းများကို ယခင်က ပိတ်ဆို့ခဲ့ပြီး ထိုအချိန်အတွင်း သင်္ဘောကိုးစင်းကို ပိတ်ပစ်ခဲ့ကာ ၁၄၀ ကျော်ကို ပြန်လည်လမ်းကြောင်းပြောင်းပေးခဲ့ကြောင်း CENTCOM ၏ အဆိုအရ သိရသည်။
အီရန်သည် စစ်ပွဲမတိုင်မီက ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ၎င်းတောင်းဆိုချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုအား ဆိပ်ကမ်းပိတ်ဆို့မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ ထိုရေလက်ကြားသည် အီရန်၏ တိုက်ခိုက်မှုများကြောင့် သွားလာမှု ကျဆင်းသွားခဲ့သည်။
Ref- AFP
