သက်တံ့
၁၂. ၈. ၂၀၂၆
ဗီယက်နမ်နိုင်ငံသည် AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားစီမံကိန်းအောက်တွင် ၂၀၃၀ ပြည့်နှစ်အရောက်၌ အနည်းဆုံး လုပ်သား ၁၀ သန်းအား အခြေခံ AI ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးရန် သို့မဟုတ် မွမ်းမံသင်ကြားပေးရန် ရည်မှန်းထားကြောင်း ဒေသတွင်း သတင်းစာတစ်စောင်ဖြစ်သော Nhan Dan က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။
ဒုတိယဝန်ကြီးချုပ် Le Tien Chau က အင်္ဂါနေ့တွင် အတည်ပြုခဲ့သော အဆိုပါစီမံကိန်းသည် မဟာဗျူဟာမြောက် နည်းပညာကဏ္ဍများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် အမျိုးသားနည်းပညာပိုင်းဆိုင်ရာ မိမိကိုယ်ကို အားကိုးအားထားပြုနိုင်မှုကို မြှင့်တင်ရန်အတွက် လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းသည် အဓိကကျသော နည်းပညာများကို သုတေသနပြုနိုင်၊ ကျွမ်းကျင်နိုင်ပြီး အဓိကကျသော AI လုပ်ငန်းများကို ဦးဆောင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်သူ အနည်းဆုံး ၁,၅၀၀ အပါအဝင် အရည်အသွေးမြင့်မားပြီး အထူးပြု AI ကျွမ်းကျင်ပညာရှင် ၁၀,၀၀၀ ကို လေ့ကျင့်သင်ကြားပေးရန်နှင့် ကျွမ်းကျင်မှု မြှင့်တင်ပေးရန် ရည်မှန်းထားသည်။
ထိုရည်မှန်းချက်များ အထမြောက်စေရန်အတွက် အဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ AI ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ခြင်း၊ AI ပညာရေးနှင့် ကျွမ်းကျင်မှု ပြန်လည်သင်ကြားပေးခြင်းကို တိုးချဲ့ခြင်း၊ သင်တန်းများကို စီးပွားရေးလုပ်ငန်းများနှင့် လုပ်သားစျေးကွက်တို့နှင့် ချိတ်ဆက်ပေးခြင်း၊ အခြေခံအဆောက်အအုံ၊ ဒေတာနှင့် လက်တွေ့သင်ကြားရေး ပတ်ဝန်းကျင်များကို ဖွံ့ဖြိုးတိုးတက်စေခြင်းတို့အပေါ် အဓိကထားသည့် လုပ်ငန်းစဉ် အုပ်စုအများအပြားကို စီမံကိန်းက သတ်မှတ်ထားသည်။
ထို့အတူ ၂၀၃၅ ခုနှစ်အရောက်တွင် ဗီယက်နမ်သည် AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စွမ်းဆောင်ရည်ပိုင်း၌ ဒေသတွင်း ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်ရန် ရည်မှန်းထားကြောင်း သတင်းဖော်ပြချက်တွင် ပါရှိသည်။
Ref: Xinhua

