သက်တံ့
၁၉. ၈. ၂၀၂၆
ဘယ်လာရုစ် စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံကို အလားအလာကောင်းများစွာရှိပြီး တက်ကြွစွာ တိုးတက်နေသည့် ဈေးကွက်တစ်ခုအဖြစ် ရှုမြင်ကြကြောင်း ဘယ်လာရုစ်နိုင်ငံပိုင် အပေါ့စားကုန်ချော စက်မှုလုပ်ငန်းအဖွဲ့ (Bellegprom) ၏ ဥက္ကဋ္ဌ Ms.Nadezhda Lazarevich က ပြောကြားခဲ့သည်။
ဘယ်လာရုစ်-မြန်မာ ချစ်ကြည်ရေးအသင်း (Belarus-Myanmar Society) မတည်ထူထောင်သည့် အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက် Lazarevich က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း BelTA သတင်းတွင် ဖော်ပြထားသည်။
ယခုအသင်းသည် ဘယ်လာရုစ် နိုင်ငံတကာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေးအဖွဲ့၏ လက်အောက်တွင် ၄၂ ခုမြောက် ဖွဲ့စည်းလိုက်သည့် နိုင်ငံအလိုက် ချစ်ကြည်ရေးအသင်း ဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံပိုင် အပေါ့စားကုန်ချော စက်မှုလုပ်ငန်းအဖွဲ့နှင့် ဘယ်လာရုစ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့၏ ဥက္ကဋ္ဌ Lazarevich က “ဘီလာရုစ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေဖို့အတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု အလေးအနက် ပြောကြားခဲ့သည်။
ထို့အပြင် “စက်မှုစိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးကဏ္ဍတွေအထိ ပူးပေါင်းဆောင်ရွက်မယ့် ပူးတွဲလုပ်ငန်းစဉ်တွေကို အတိအကျ ရေးဆွဲထားပါတယ်။ ကျွန်မနဲ့ ပိုပြီး နီးစပ်တဲ့ အပေါ့စားကုန်ချော စက်မှုလုပ်ငန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုကို အထူးပြုပြောကြားချင်ပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ မြန်မာမိတ်ဖက်တွေနဲ့အတူ ရှူးဖိနပ်ထုတ်လုပ်မှုကို မြန်မာ ပြည်တွင်းမှာ အခြေစိုက်နိုင်ရေး၊ အထည်အလိပ်၊ သားရေကြမ်း၊ အထူးပြုအဝတ်အထည်နဲ့ ဖိနပ်များတင်ပို့နိုင်ရေးတို့အတွက် တက်ကြွစွာ ဆွေးနွေးလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဘယ်လာရုစ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၁၅ ဒသမ ၉ သန်းအထိ ရှိခဲ့ပါတယ်” ဟု သူမက ဆိုသည်။
Lazarevich ၏ ပြောကြားချက်အရ ပြည်သူများအကြား ချစ်ကြည်ရေးဆိုသည်မှာ လက်တွေ့လုပ်ဆောင်ချက်များ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေမည့် အုတ်မြစ်ကို တဖြည်းဖြည်း တည်ဆောက်ပေးသည့် ပူးတွဲစီမံကိန်းများမှ စတင်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားမှုမှာ နှစ်ဦးနှစ်ဖက်စလုံး၌ စနစ်တကျ ရှိနေကြောင်းလည်း သိရသည်။
“မြန်မာမိတ်ဖက်တွေဟာ ဘယ်လာရုစ် လုပ်ငန်းတွေရဲ့ အပြီးသတ် ထုတ်ကုန်တွေကိုတင် မကဘဲ နည်းပညာတွေ၊ အင်ဂျင်နီယာနဲ့ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးတဲ့ သင်တန်းစနစ်တွေအပြင် ကျွန်မတို့နိုင်ငံရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ထူထောင်ခဲ့တဲ့ စက်မှုထုတ်လုပ်ရေး အတွေ့အကြုံတွေကိုပါ စိတ်ဝင်စားကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်လာရုစ် လုပ်ငန်းတွေကလည်း မြန်မာနိုင်ငံကို ပူးတွဲလုပ်ငန်းများ လာရောက်အခြေစိုက်ရန် အလားအလာကောင်းတဲ့ တိုးတက်နေတဲ့ ဈေးကွက်အဖြစ် မြင်ကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ စက်မှုနဲ့ ကုန်သွယ်ရေးတင်မကဘဲ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ ပညာရေးကဏ္ဍတွေအထိ ကျယ်ပြန့်လာတာဟာ အရေးပါပါတယ်။ ကျောင်းသား လဲလှယ်ရေး၊ လူငယ်ကျွမ်းကျင်သူတွေ လေ့လာရေးနဲ့ ပူးတွဲသိပ္ပံ သုတေသန စီမံကိန်းတွေကိုပါ ဆွေးနွေးနေကြပါတယ်။ လက်ရှိမှာ မြန်မာကျောင်းသား ၅၁ ဦးဟာ ဘယ်လာရုစ်နိုင်ငံမှာ ပညာသင်ကြားနေပါတယ်” ဟု Lazarevich က အလေးပေး ပြောကြားခဲ့သည်။
ဘယ်လာရုစ်-မြန်မာ ချစ်ကြည်ရေးအသင်းကို ဖွဲ့စည်းတည်ထောင်ခြင်းသည် ပြသရုံမျှ ပြုလုပ်ခြင်းမဟုတ်ဘဲ မင့်စ်နှင့် နေပြည်တော်ကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု တံတားတစ်စင်း တည်ဆောက်ရန် နှစ်နိုင်ငံ အစိုးရ၊ စီးပွားရေးအသိုက်အဝန်းနှင့် ပြည်သူများက လွန်ခဲ့သော နှစ်များအတွင်း တတ်စွမ်းသမျှ ကြိုးပမ်းခဲ့သည့် လက်တွေ့ကျသော အသီးအပွင့်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပေမဲ့ ဒါဟာ ပြည်သူနှစ်ရပ်ကြား ဆက်ဆံရေးရဲ့ ကဏ္ဍတစ်ခုသာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု၊ လူသားချင်းစာနာမှုနဲ့ ပြည်သူချင်း ဆက်ဆံရေးတွေဟာလည်း အတူတူ အရေးကြီးပြီး အဲဒါတွေမရှိရင် ဘယ်လိုမိတ်ဖက် ဆက်ဆံရေးမှ ပြည့်စုံမှာ မဟုတ်ပါဘူး။ အခုလို နှစ်နိုင်ငံ ဆက်ဆံရေး သိသိသာသာ တိုးတက်နေချိန်မှာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရေးအသင်းကို ထူထောင်နိုင်ခဲ့တာဟာ လွန်စွာ အဓိပ္ပာယ်ရှိပါတယ်” ဟု Lazarevich က သုံးသပ်ပြောကြားခဲ့သည်။
Ref : BelTA
