သက်တံ့
၁၉. ၈. ၂၀၂၆
ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) အနောက်ပိုင်းရှိ ရွှေတွင်းတစ်ခု အင်္ဂါနေ့ (ဩဂုတ် ၁၈ ရက်) က ပြိုကျခဲ့သဖြင့် အနည်းဆုံး တူးဖော်သူ ၃၀ သေဆုံးကာ အခြားသူများလည်း ပိတ်မိနေကြောင်း အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားခဲ့သည်။
နားနား-မမ်ဘီရေး (Nana-Mambere) ခရိုင်၊ အက်ဗား (Abba) ဒေသတွင် နည်းပညာနိမ့် ရိုးရာရွှေတွင်းတစ်ခု အင်္ဂါနေ့နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ တူးဖော်သူတစ်ဦးဖြစ်သည့် မစ္စတာ Florian Gaguende က ပြောသည်။ ပိတ်မိနေသည်ဟု ယူဆရသော အခြားတူးဖော်သူများကို ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေနေသော်လည်း ၎င်းတို့ကို အသက်ရှင်လျက် တွေ့ရှိနိုင်ခြေမှာ “ပိုမိုနည်းပါးလာနေပြီ” ဟု ၎င်းက ဆိုသည်။
အက်ဗား မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး Souleymane Bi က ကယ်ဆယ်ရေးသမားများနှင့် ဒေသခံများသည် နာရီပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် ပြိုကျသွားသည့် ရွှေတွင်းအတွင်းမှ အလောင်း ၃၀ ကို ဆွဲထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှု ပေးနေကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။ တွင်းထဲကနေ မထွက်နိုင်ဘဲဖြစ်နေသူတွေကို ဆွဲထုတ်ကယ်ဆယ်နိုင်ဖို့ အဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေအားလုံး ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Bi က ပြောသည်။
အခင်းဖြစ်ပွားရာနေရာမှဟု ယူဆရသည့် ရုပ်သံမှတ်တမ်းများတွင် ရှုပ်ထွေးခက်ခဲနေသည့် ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို မြင်တွေ့ရသည်။ ရွှံ့နွံများ ပေကျံနေသည့် လူငယ်အများစု အပါအဝင် ကယ်ဆယ်ရန် တူးဖော်နေသူများသည် တွင်းထဲမှ အလောင်းတစ်လောင်းကို ဆွဲထုတ်နေကြပြီး အခြားတူးဖော်သူများနှင့် လုပ်သားအမြောက်အမြားမှာ ကျယ်ဝန်းလှသည့် အခင်းဖြစ်ပွားရာနေရာ တစ်ဝိုက်တွင် ပြန့်ကျဲနေကာ အချို့က အကူအညီတောင်းခံ အော်ဟစ်နေကြသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ Evariste Ngamana က သေဆုံးသူများ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ထိခိုက်ခံစားရသူများကို “ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အာဏာပိုင်များက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း” ပြောကြားခဲ့သည်။
Ref : AP
