သက်တံ့
၁၉. ၈. ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအနက် တစ်ခုအဖြစ် တန်ဇန်းနီးယား အလံစိုက်ထားသည့် သင်္ဘောတစ်စီးပေါ်တွင် ဝှက်မောင်းလာသည့် အရည်ဖျော်ထားသော မက်သဖက်တမင်း (အိုက်စ်) ၂ ဒသမ ၆ တန်ကို သိမ်းဆည်းရမိခဲ့ပြီး သင်္ဘောသား ဆယ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အဆင့်မြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ ဆာရာဝက် (Sarawak) မှ အန်ဒမန်ပင်လယ် (ကပ္ပလီပင်လယ်) ကို ဖြတ်၍ မောင်းနှင်လာသော သင်္ဘောတစ်စီးသည် အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာနိုင်ကြောင်း အချက်အလက်သတင်း ရရှိခဲ့သည်ဟု အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီက အင်္ဂါနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အေဂျင်စီသည် အကောက်ခွန် အရာရှိများနှင့် ပူးပေါင်း၍ MV Ocean Porter နာမည်အတုဖြင့် မောင်းနှင်လာသော MV Rain Maker သင်္ဘောကို ရီအော (Riau) ပြည်နယ်၊ ဘန်ကာလစ် (Bengkalis) အနီးတွင် တနင်္လာနေ့ညပိုင်းက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“သင်္ဘောကို စစ်ဆေးရာမှာ ရေစည် ၈ စည်နဲ့ ရေကန်တစ်ခုအတွင်း အရည်အဖြစ် သယ်ယူလာတဲ့ မက်သဖက်တမင်း ဒါမှမဟုတ် အရည်ပျော် အိုက်စ် ၂ ဒသမ ၆ တန်ကို တွေ့ရှိခဲ့ပါတယ်” ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီ အရာရှိ ရွိုင် ဟာဒီ ဆီယာဟန်း (Roy Hardi Siahaan) က ပြောသည်။
ထို့အပြင် သင်္ဘောပေါ်တွင် တရားမဝင် စီးကရက် ၁ သန်းခွဲကျော်ကိုလည်း မူးယစ်အနံ့ခံခွေးများက ရှာဖွေတွေ့ရှိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
အာဏာပိုင်များသည် MV Rain Maker သင်္ဘောပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသားများဖြစ်ကြသော သင်္ဘောသားအဖွဲ့ဝင် ၁၀ ဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့်နှစ်ကလည်း အန်ဒမန်ပင်လယ်မှ ဘာတမ် (Batam) ကျွန်းသို့ မောင်းနှင်လာသည့် ငါးဖမ်းလှေတစ်စီးပေါ်တွင် ဝှက်မောင်းလာသော ခရစ်စတယ် အိုက်စ် ၂ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ကြေညာခဲ့ပြီး ယခုဖမ်းဆီးရမိမှုမှာ ထိုစဉ်ကထက် များပြားနေသည်။ တနင်္လာနေ့ (ဩဂုတ် ၁၇ ရက်) က ဖမ်းဆီးရမိမှုသည် ယခုလအတွင်း အဆိုပါနယ်မြေ၌ တန်ဇန်းနီးယား အလံစိုက်ထားသည့် သင်္ဘောတစ်စီးကို ဒုတိယအကြိမ်မြောက် တားဆီးမိခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကလည်း စင်ကာပူနိုင်ငံအနီး ရီအောကျွန်းစု ရေပြင်တွင် မောင်းနှင်နေသည့် MV King Sun သင်္ဘောပေါ်မှ အင်ဒိုနီးရှား ရူပီးယား ၂ ဒသမ ၀၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၂ သန်းခန့်) တန်ဖိုးရှိ ကက်တမင်း ၁ ဒသမ ၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သလို အဆိုပါ သင်္ဘောပေါ်ပါ အဖွဲ့ဝင် ၈ ဦးဖြစ်သည့် မြန်မာနိုင်ငံသား ၇ ဦးနှင့် ထိုင်ဝမ်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို သေဒဏ်ပေးသည့် ဥပဒေအပါအဝင် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း သေဒဏ်ပေးမှုများကိုမူ နှစ်အတော်ကြာ ဆိုင်းငံ့ထားဆဲ ဖြစ်သည်။
Ref: Euro News & Arab News
