သက်တံ့
၁၉. ၈. ၂၀၂၆
မလေးရှားနိုင်ငံ၏ မြို့တော်ကွာလာလမ်ပူတွင် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၁၉ ရက်) နံနက်အစောပိုင်းက လူဝင်မှုကြီးကြပ်ရေးဌာန၏ မော်တော်ယာဉ်တစ်စီး မီးနီဖြတ်မောင်းခဲ့ရာမှ ဆက်တိုက် ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လမ်းဘေးတွင် ရှိနေသည့် မိသားစုဝင် သားအဖ သုံးဦး သေဆုံးသွားခဲ့သည်။
အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် အဆိုပါ လဝက အချုပ်ကားသည် ဖမ်းဆီးထားသော တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို သွားရောက်ခေါ်ဆောင်ရန် နံနက် ၁ နာရီခန့်တွင် Chow Kit ရပ်ကွက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း ကွာလာလမ်ပူ ယာဉ်ထိန်းရဲတပ်ဖွဲ့ အကြီးအကဲ ဒုတိယရဲမှူးကြီး Mohd Zamzuri Mohd Isa က ပဏာမ စုံစမ်းစစ်ဆေးချက်များကို ကိုးကား၍ ပြောကြားခဲ့သည်။
အဆိုပါ Isuzu Black Maria အမျိုးအစား အချုပ်ကားသည် Jalan Bukit Bintang လမ်းဆုံသို့ အရေးပေါ်မီးနှင့် ဥဩသံပေးလျက် မီးနီပြနေစဉ် ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု သက်ဆိုင်ရာက ယူဆထားသည်။ ထိုအချိန်တွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် Proton Saga မော်တော်ယာဉ်ကလည်း မီးစိမ်းပြထားသဖြင့် လမ်းဆုံကို တည့်တည့်ဖြတ်သန်း မောင်းနှင်နေခဲ့ရာမှ အချုပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
“ယာဉ်မောင်းဟာ အချုပ်ကားကို မရှောင်သာဘဲ လမ်းဆုံအလယ်မှာ တိုက်မိခဲ့ပုံရပါတယ်” ဟု Mohd Zamzuri က ပြောသည်။
တိုက်မိသည့် အရှိန်ကြောင့် အချုပ်ကားမှာ ထိန်းချုပ်မှုလွတ်သွားပြီး လမ်းဘေးသို့ လည်ထွက်သွားကာ အနီးအနားတွင် လမ်းလျှောက်နေသည့် မိသားစုလေးဦးနှင့် လမ်းဆုံမီးနီတွင် ရပ်ထားသည့် Inokom Matrix မော်တော်ယာဉ်တစ်စီးတို့ကို ထပ်မံဝင်တိုက်ခဲ့သည်။
ထိုသို့ ဝင်တိုက်မိမှုကြောင့် အသက် ၅၃ နှစ်အရွယ် ဖခင်၊ အသက် ၂၅ နှစ်နှင့် အသက် ၁၂ နှစ်အရွယ် သမီးနှစ်ဦးတို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ အသက် ၅၅ နှစ်အရွယ် မိခင်ဖြစ်သူမှာ ဦးခေါင်း၊ ညာဘက်လက်နှင့် ခြေထောက်နှစ်ဖက်လုံးတွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သဖြင့် ကုသမှုများခံယူရန် ကွာလာလမ်ပူ ဆေးရုံကြီးသို့ အမြန်ပို့ဆောင်ခဲ့ရသည်။
လက်ရှိတွင် တာဝန်ရှိသူများက အမှုဖြစ်စဉ်ကို ဆက်လက် စိစစ်နေပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
Ref: SCMP
