သတိုး
၁၉. ၈. ၂၀၂၆
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေးနှင့် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ဩဂုတ် ၁၉ ရက်က တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားလိုက်သည်။
“စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ နှစ်နိုင်ငံအကြား ယုံကြည်မှုရှိတဲ့ ခိုင်မာတဲ့ ငွေပေးချေမှုစနစ်ရှိပါတယ်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍဟာ အရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းများရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်၊ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာ ရှိပါတယ်၊ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေး အပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့လို့ရပါတယ်၊ အရင်နှစ်က မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်၊ ဒီစီမံကိန်းက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလည်း ဖြစ်ပါတယ်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာလည်း စီမံကိန်းအများအပြား ဆောင်ရွက်ဖို့ အလားအလာရှိပါတယ်၊ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံလည်း တည်ဆောက်နေပါတယ်။”ဟု ရုရှားသမ္မတက ပြောကြားသည်။


ထို့အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ရုရှားသမ္မတနှင့် တွေ့ဆုံ ဆွေးနွေးမှုတွင် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အလားအလာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သလို ရုရှားစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန် ရုရှားသမ္မတမှတစ်ဆင့် ထပ်မံဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတဲ့နိုင်ငံဖြစ်တဲ့အပြင် အနီးအနားမှာလည်း ကြီးမားတဲ့ဈေးကွက်ကြီးရှိသလို သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သား အင်အားသာမက ကောင်းမွန်ပြီး သမမျှတတဲ့ ရာသီဥတုလည်း ရှိပါတယ်။ ဒါ့အပြင် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုလည်း ရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတကြီးမှတစ်ဆင့် ထပ်မံဖိတ်ခေါ်လိုပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ် ပြောကြားသည်။


