သက်တံ့
၁၆. ၉. ၂၀၂၆
အမေရိကန်ဈေးကွက်သို့ ကုန်သွယ်ခွန်ဆိုင်ရာ ကိစ္စရပ်များ ပြေလည်သွားပြီးနောက် ပို့ကုန်များ ပြန်လည်မြင့်တက်လာခဲ့ရာ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လအတွင်း အမေရိကန်သို့ ဘင်္ဂလားဒေ့ရှ်၏ အထည်အလိပ် တင်ပို့မှုသည် ၂၅ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၀၆ ဒသမ ၄၆ သန်းအထိ ရှိခဲ့ကြောင်း ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ ကိန်းဂဏန်းများအရ သိရသည်။
ပို့ကုန်မြှင့်တင်ရေးဗျူရို၏ ဖော်ပြချက်အရ ဇူလိုင်-ဩဂုတ် နှစ်လတာ ကာလအတွင်း အမေရိကန်သို့ ဘင်္ဂလားဒေ့ရှ်၏ အထည်အလိပ် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူ နှစ်လတာကာလ၏ ရရှိမှု ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံထက် ၁၁ ဒသမ ၄၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အဆိုပါ နှစ်လတာ စုစုပေါင်း ပို့ကုန်ပမာဏသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်သို့ အထည်အလိပ် တင်ပို့မှုမှ ရရှိခဲ့သည့် စုစုပေါင်း ဒေါ်လာ ၇ ဒသမ ၇၄ ဘီလီယံ၏ ၂၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ညီမျှသည်။
ယခုနှစ်အလိုက် ၁၁ ဒသမ ၄၂ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်ကုန်အထိ ဆက်လက်ထိန်းထားနိုင်ပါက အမေရိကန်သို့ အထည်အလိပ် တင်ပို့မှုသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်က ဒေါ်လာ ၇ ဒသမ ၇၄ ဘီလီယံရှိခဲ့ရာမှ ဒေါ်လာ ၈ ဒသမ ၆၂ ဘီလီယံခန့်အထိ ရောက်ရှိလာနိုင်သည်။
ယခုဘဏ္ဍာရေးနှစ်၏ လစဉ်ပျမ်းမျှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈၀၆ ဒသမ ၄၆ သန်း ရှိနေပြီး ယခင်နှစ်၏ စုစုပေါင်း တင်ပို့မှုအပေါ် အခြေခံထားသည့် လစဉ်ပျမ်းမျှ ပမာဏ အမေရိကန်ဒေါ်လာ ၆၄၅ ဒသမ ၃၈ သန်းထက် အများကြီး ပိုမိုမြင့်မားနေသည်။
သို့သော်လည်း တိုးတက်မှု အများစုမှာ တင်ပို့မှု ၂၅ ဒသမ ၆၅ ရာခိုင်နှုန်း ခုန်တက်သွားသည့် ဩဂုတ်လတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လကမူ တင်ပို့မှု ၀ ဒသမ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Ref: Khmer Times
