၁၆.၉.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်-ပဲခူး လမ်းပိုင်း၊ ပြွန်တန်ဆာမြို့နယ်၊ကမာဖရုံရွာ ရထားလမ်းအကူး၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြားတွင် လမ်းဖြတ်ကူးသော ထွန်စက်က နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားကို ဝင်တိုက်ရာမှ အမျိုးသားနှစ်ဦး သေဆုံးမှု စက်တင်ဘာလ ၁၄ ရက် ညနေ ၄ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နေပြည်တော်မှ ရန်ကုန်သို့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ထွက်ခွာလာသော အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြားတွင် တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသော ထွန်စက်အား တိုက်မိခဲ့ရာ ထွန်စက်ပေါ်လိုက်ပါလာသော အမျိုးသားနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“ထွန်စက်က စံဒွန်းကုန်းကျေးရွာကနေ စစ်ကုန်းကျေးရွာသို့ အသွားမှာ ဖြစ်တာ၊ ထွန်စက်က နှစ်ခြမ်းပြတ်ပြီး လူပါပိတာ”ဟု ပြွန်တန်ဆာမြို့ဒေသခံတစ်ဦးက ပြောသည်။
DEMU အမြန်ရထားနှင့် ထွန်စက်တိုက်မှုကြောင့် ရထား၏ ရှေ့မျက်နှာစာ ပျက်စီးခဲ့သော်လည်း လိုက်ပါလာသူ ခရီးသည်များ ထိခိုက်ဒဏ်ရာမှုမရှိကြောင်း သိရသည်။
ထွန်စက်ပိမိကာ သေဆုံးနေသော အမျိုးသားနှစ်ဦးမှာ ပြွန်တန်ဆာမြို့ အေးကျေးရွာနှင့် သမကျေးရွာတွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့၏ရုပ်အလောင်းကို ရွှေရဲနွယ်လူမှူကူညီရေးအသင်းမှ အသင်းဝင်များက သယ်ထုတ်ခဲ့ကာ ပြွန်တန်ဆာမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ရထားလမ်းကူးသူနှင့် ရထားလမ်းဘေး လမ်းလျှောက်သူများအနေဖြင့် ရထားလမ်းကူးရာတွင် အထူးဂရုစိုက်ကာ သွားလာကြရန်လိုအပ်ကြောင်း ပြွန်တန်ဆာမြို့ဒေသခံတစ်ဦးကပြောသည်။
