၁၆.၉.၂၀၂၆
Written By Thandar
ဂျပန်နိုင်ငံ၊ အိုက်ချီ-နာဂိုယာမြို့ (Aichi-Nagoya, Japan) မှာ စက်တင်ဘာလ ၁၉ ရက်ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ကျင်းပမယ့် (၂ဝ) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ကြမယ့် မြန်မာ့လက်ရွေးစင် Esports အသင်း Team Zanaka ဂုဏ်ပြုကြေညာခြင်းနဲ့ ပြိုင်ပွဲခရီးစဉ်ရှင်းလင်းတင်ပြခြင်း၊ တရားဝင်ဂျာစီသစ်မိတ်ဆက်ခြင်းတို့ကို စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်းက မြန်မာ့လက်ရွေးစင် Team Zanaka အသင်းရဲ့ အောင်မြင်မှုမှတ်တိုင်တွေနဲ့ မြန်မာ့ Esports Ecosystem တိုးတက်မှုများကို ရှင်းလင်းခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် Esports အသင်းတွေ အနေနဲ့ အာရှအားကစားပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ စနစ်တကျ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ခဲ့ကြပါတယ်။ လူငယ်တွေရဲ့ Esports အားကစားပေါ့နော်။ ကျွန်တော်တို့ လူငယ်တွေ Esports အားကစားဆိုတာ လူငယ်တွေအတွက် အရမ်းအရေးပါတဲ့ အားကစားတစ်ခု ဖြစ်တယ်။ လူငယ်တွေအကုန်လုံး Esports မှာ အောင်မြင်ချင်ကြတယ်။ လူငယ်တွေအကုန်လုံးရဲ့ မျှော်လင့်ချက်ဆိုရင် ကိုယ်ကစားနေတယ်ဆိုတဲ့ ကိုယ်နဲ့ နီးစပ်တဲ့ ဒီအားကစားနည်း၊ ဒီ Esportsနဲ့ ဆုတံဆိပ်တွေ ရယူစေချင်ကြတယ်။ ယခုလို ကစားနည်း (၅) မျိုး (၅) မျိုးစလုံးမှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဟာ မြန်မာ့ Esports လောကတစ်ခုလုံးရဲ့ သမိုင်းဝင် အောင်မြင်မှုဖြစ်ပါတယ်” လို့မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက ပြောပါတယ်။
ဆက်လက်ပြီး မြန်မာ့လက်ရွေးစင် (Team Zanaka) အသင်းက ကိုဝေယံမျိုးမြတ်က သွားရောက်ယှဉ်ပြိုင်မယ့် အာရှအားကစားပြိုင်ပွဲခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက် အာရှအားကစားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်မှုမှတ်တမ်း Recap Video ကို ပြသခဲ့ပြီး ဂျပန်နိုင်ငံမှာ မြန်မာ့လက်ရွေးစင် Esports အသင်း ဝတ်ဆင်မယ့်အသင်းဂျာစီ ဒီဇိုင်းသစ်ကို စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် တရားဝင် မိတ်ဆက်ခဲ့တာပါ။
“အာရှအဆင့်ပြိုင်ပွဲကြီး ဖြစ်တာကြောင့် နိုင်ငံ့လက်ရွေးစင် Esports ကစားသမားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံ့ခိုင်မှုတွေ အဆင့်သင့်ဖြစ်စေဖို့ စခန်းသွင်းလေ့ကျင့်မှုတွေ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူများရဲ့ အားပေးမှုနဲ့အတူ နိုင်ငံ့အတွက် ထိုက်တန်တဲ့ သမိုင်းဝင်ဆုတံဆိပ်တွေ ဆွတ်ခူးသယ်ဆောင်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဖြစ်တဲ့ Team Zanaka eFootball mobile နဲ့ Console အသင်းက စက်တင်ဘာ ၁၉ ရက်၊ Honor of Kings (HOK) အသင်းတို့က စက်တင်ဘာ ၂၄ ရက်၊ PUBG Mobile အသင်းက ၂၅ ရက်နဲ့ Mobil Mobile Legend (MLBB) အသင်းက စက်တင်ဘာ ၂၆ ရက် စတဲ့ အသင်းတွေက ဂျပန်နိုင်ငံကို အသီးသီး ထွက်ခွာကြမှာဖြစ်ပြီး အိမ်ရှင် ဂျပန် အပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန် စတဲ့ အာရှထိပ်သီးအင်အားကြီးနိုင်ငံတွေနဲ့အတူ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
#AsianGames #Esports #MyanmarElectronicEsportFederation #TeamZANAKA #မြန်မာ့လက်ရွေးစင်Esportsအသင်း #TeamZanaka #KBZPay
