၁၆.၉.၂၀၂၆
Written by Thiri
နယ်စပ်လမ်းကြောင်းတွေ မတည်ငြိမ်မှုနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် လက်ရှိ မြန်မာ့စီးပွားရေးလောကမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပေမယ့် ပြည်တွင်း ဝယ်လိုအားရှိနေသရွေ့ သွင်းကုန် ကုန်သွယ်မှုဟာ လုံးဝရပ်တန့်သွားဖို့တော့ ရှိလာမှာ မဟုတ်ပါဘူး။
လမ်းကြောင်းတစ်ခု ပိတ်သွားပါက နောက်ထပ် လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေစမြဲဖြစ်တဲ့ ကုန်သည်တို့ရဲ့ သဘောသဘာဝအတိုင်း နည်းလမ်းမျိုးစုံနဲ့ ကုန်စည်တွေဟာ ပြည်တွင်းကို စီးဝင်နေဆဲ ဖြစ်ပါတယ်။
“ကုန်သွယ်မှုဆိုတာ ပြတ်တောက်ရပ်တန့်ရိုးထုံးစံ ရှေးပဝေသဏီကတည်းက မရှိခဲ့ဘူး။ ဒီလမ်းက ဒီနည်းနဲ့ သွင်းလို့မရရင် ကုန်သည်က တခြားနည်းလမ်းရှာမယ်။ ဝယ်လက်ကလည်း လိုအပ်နေတယ်။ ဈေးကွက်လည်းရှိတယ်။ ပူးပေါင်းမယ်။ လာဘ်ပေးလာဘ်ယူစနစ်သာ ပိုကြီးထွားလာမှာ” လို့ မြန်မာ့စီးပွားရေး လတ်တလော သွင်းကုန်အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်နားလည်စွာ လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
လတ်တလော မြန်မာ့ပြည်တွင်းရေးအခြေအနေက နယ်စပ်ဒေသတည်ငြိမ်ရေးကို လက်ရှိအစိုးရအနေနဲ့ကြိုးပမ်းနေသလို အဓိက ကုန်သွယ်မှုလမ်းကြောင်းကြီးတွေကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဖော်ဆောင်လျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်မှု လမ်းကြောင်းကြီးတွေက မူဆယ် – ရွှေလီဂိတ်၊ ချင်းရွှေဟော် – ကုန်းကြမ်း/ကျင်းရှဲဟော် (ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ လွယ်ဂျယ် – လှိုင်ယင်းဂိတ်(ကချင်ပြည်နယ်)၊ ကံပိုင်တည် – ထန်ချုန်းဂိတ် (ကချင်ပြည်နယ်)၊ မိုင်းလား – ဒါလော့ဂိတ် (ရှမ်းပြည်နယ်အရှေ့ပိုင်း)၊ ပန်ဆန်း/ပန်ခမ်း – မုန်းအဂိတ် (‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ မြဝတီ – မဲဆောက်ဂိတ် (ကရင်ပြည်နယ်)၊ တာချီလိတ် – မယ်ဆိုင်ဂိတ် (ရှမ်းပြည်နယ်အရှေ့ပိုင်း)၊ ကော့သောင်း – ရနောင်းဂိတ် (တနင်္သာရီတိုင်းဒေသကြီး)၊ ထီးခီး – ဖူနမ်ရွန်ဂိတ် (ကရင်ပြည်နယ်)၊ ဘုရားသုံးဆူဂိတ် (ကရင်ပြည်နယ်)၊ မောတောင်ဂိတ် (တနင်္သာရီတိုင်းဒေသကြီး)တို့ဖြစ်ပါတယ်။
အဆိုပါ ဂိတ်တွေကနေ ကုန်သွယ်မှုမှာ တရားဝင် လိုင်စင်နဲ့ ကုန်သွယ်မှု ပြုလုပ်တဲ့ အခြေအနေက လက်ရှိမှာနည်းပါးနေသလို တချို့ဂိတ်တွေမှာလည်း လမ်းကြောင်းတစ်လျှောက် တင်းမာတဲ့အရေးတွေကြောင့် ကုန်သွယ်မှု ပြုလုပ်ဖို့ အသုံးမပြုနိုင်တဲ့ အခြေအနေမှာလည်းရှိနေတာဖြစ်ပါတယ်။ တရုတ်ပြည်က ကုန်ပစ္စည်းကို ပြည်တွင်းကို သယ်ယူချင်တယ်ဆိုပါက လာအိုနိုင်ငံကို ဖြတ်သန်းပြီး မြန်မာ -လာအို နယ်စပ် တာချီလိတ်ကနေ ရန်ကုန်ကို ရေကြောင်း၊ ကုန်းလမ်း စတာတွေနဲ့ လတ်တလော အဝင်ရှိနေသလို ထိုင်း- မြန်မာ နယ်စပ် ရနောင်း ဆိပ်ကမ်းကနေ ပြည်တွင်း ရန်ကုန်ဆိပ်ကမ်းအထိ ရေလမ်းကြောင်းနဲ့ ဝင်ရောက်နေရတာတွေလည်းရှိပါတယ်။
ဒီနောက်ပိုင်းမှာတော့ ထိုင်းကုန်စည်၊ တရုတ်ကုန်စည် အားလုံးနီးပါးကို တင်သွင်းခွင့်က လုပ်ထုံးလုပ်နည်းတွေနဲ့ ကန့်သတ်ထားတာ၊ ကြန့်ကြာတာ၊ သွင်းကုန်လိုင်စင်ထုတ်မပေးတာ ဒါတွေကို ကုန်သည်တွေ အနေနဲ့ ကြုံတွေ့လာကြရတယ်လို့ ဆိုပါတယ်။
“ဘာလို့ ကန့်သတ်လာရလဲဆိုတော့ လက်ရှိ နိုင်ငံတော်သမ္မတက ပြည်တွင်းထုတ်ကုန်ကို အားပေးတယ်။ သုံးစွဲစေချင်တယ်။ ထုတ်လည်း လုပ်လာကြတယ်။ ခက်တာက ပြည်တွင်းထုတ်ကုန်နဲ့ ပြည်ပသွင်းကုန် ဈေးမကွာဘူး။ အရည်အသွေးကွာတယ်။ သုံးစွဲသူက အရည်အသွေးကောင်းတာကို သုံးချင်တယ်။ ဥပမာ အမျိုးသမီး လစဉ်သုံးတို့၊ ကလေး၊ လူကြီးသုံး ဒိုက်ဘာတို့ လိုမျိုး။ ဒီမှာလည်း ထုတ်နေပြီ။ ဒါကို ဟိုက သွင်းနေရတုန်းပဲ”လို့ ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
မဖြစ်မနေ တင်သွင်းနေကြရတဲ့အခါ လမ်းကြောင်းတွေ ရှာဖွေကြရတာလည်း သူတို့အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်လာတာပါ။ တစ်ဖက်က ဝယ်သူကို တိကျတဲ့ ကတိစကားပေးဖို့၊ ကုန်ပစ္စည်းလမ်းကြောင်းအတိုဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် သယ်ဆောင်နိုင်ဖို့၊ လိုင်စင် မကြန့်ကြာဖို့ ဒါတွေကိုလည်း သတိကြီးစွာ လုပ်ဆောင်ကြရတယ်လို့ ဆိုပါတယ်။ တင်သွင်းဖို့ လိုင်စင်လျှောက်ထားရင် အနည်းဆုံး နှစ်လကျော် ကြာမြင့်တာမို့ လိုင်စင်လျှောက်ထားစဉ်မှာပဲ တင်သွင်းရတဲ့ Process ကိုလည်း လုပ်ထားကြရတယ်လို့ ရှင်းပြပါတယ်။
“တစ်ဖက်က တရုတ်ပဲ ဖြစ်ဖြစ်၊ ထိုင်းပဲ ဖြစ်ဖြစ် ပို့ကုန် သွင်းကုန်စနစ်တွေက မြန်ဆန်တော့ ကုန်စည်တွေက နယ်စပ်ကိုပဲ ဖြစ်ဖြစ် သင်္ဘောပေါ်ကိုပဲ ဖြစ်ဖြစ် အချိန်နဲ့ တစ်ပြေးညီ ရောက်လာတယ်။ အဲဒီမှာ ဒီဘက်က ပေးမသွင်းတော့ တရုတ်ပြည်က ကုန်တွေက ရနောင်းမှာ ပုံတာများတယ်။ အဓိကက ပါ့ခ်နမ်ဆိပ်ကမ်းပေါ့။ အဲဒီမှာကလည်း Transit ( Re-export) ဆိုရင် တစ်လပဲ ထားခွင့်ရတော့ မြန်မာဘက်ပို့မယ့် ကုန်စည်တွေ မကြာခဏ အသိမ်းခံရတယ်။ အခု ကာလမှာလေ (မြန်မာ့အရေး မတည်ငြိမ်မှုမှာ) ထိုင်းက အကျိုးအမြတ် အများဆုံးပဲ” လို့ သွင်းကုန် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်နားလည်စွာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
လတ်တလော နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လမ်းကြောင်းတွေ ပြန်လည်ပုံမှန်ဖြစ်ရေး ဆောင်ရွက်နေချိန်အတွင်း ပြည်တွင်းစီးပွားရေး လည်ပတ်မှု မရပ်တန့်စေဖို့ ကုန်သည်တွေအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေကြရဆဲ ဖြစ်ပါတယ်။ စီးပွားရေး တည်ငြိမ်မှုနဲ့ ပြည်တွင်းထုတ်ကုန်တွေ တိုးတက်လာစေဖို့ အကန့်အသတ်တွေ၊ လိုင်စင်မူဝါဒတွေနဲ့ ချမှတ်ဆောင်ရွက်နေပေမယ့်လည်း အရည်အသွေးနဲ့ ထုတ်လုပ်မှု ပမာဏ လိုအပ်ချက်တွေကြောင့် ပြည်ပ သွင်းကုန်တွေကို အပြည့်အဝ အစားထိုးနိုင်ခြင်းတော့ မရှိသေးပါဘူး။
“တရုတ်ပြည်ကနေ ရနောင်းထိကို ကုန်းလမ်းနဲ့ဆိုရင်တောင် 1 kg ကို မြန်မာငွေ နှစ်ထောင်လောက်ပဲ။ မြန်မာပြည်ထဲ ဝင်ဖို့ကို ဘယ်လောက်ကျသလဲ ဆိုရင် မြဝတီကနေ ရန်ကုန်ကို ဆိုရင်တောင် 1 kg ကို တစ်သောင်းကျော် ကျတယ်။ အဲ့ဒါတွေက ကုန်သည်ကလည်း မကျခံဘူးလေ။ စားသုံးသူပဲ ကျခံရတယ်။ ကုန်သည်ဘက်ကလည်း ဘာဖြစ်လည်းဆိုရင် တစ်ခါနဲ့ တစ်ခါ အလုပ်ပြန်လုပ်ဖို့ ငွေဈေးနဲ့ အရင်းပြုတ်တာတွေလည်း ရှိတယ်” လို့ တရုတ် – မြန်မာ ကုန်စည်တင်သွင်းတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
စီးပွားရေး ရေရှည်တည်ငြိမ်ဖို့ အတွက် ပြည်တွင်းထုတ်ကုန်တွေ ထိရောက်စွာ မြှင့်တင်ပေးတဲ့ နည်းတူ အခြားတစ်ဖက်မှာလည်း ကုန်သည်တွေ ကြုံတွေ့နေရတဲ့ လိုင်စင် ကြန့်ကြာမှု၊ မူဝါဒ အပြောင်းအလဲနဲ့ ကုန်သွယ်ရေး လမ်းကြောင်းဆိုင်ရာ အခက်အခဲတွေကို ပြန်လည် သုံးသပ် ဖြေလျှော့ပေးဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ သို့မှသာ ပြည်တွင်း ကုန်ဈေးနှုန်း မတန်တဆ ကြီးမြင့်မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်သလိုနယ်စပ်စီးပွားရေး ကုန်သွယ်မှုကဏ္ဍဟာလည်း စနစ်တကျ ပြန်လည် အသက်ဝင် စည်ကားလာမှာ ဖြစ်ပါတယ်။
