၁၆. ၉. ၂၀၂၆
Written By Min Thet
သေဆုံးအမျိုးသမီးငယ်တစ်ဦး၏ သံသယဖြစ်ဖွယ် လည်ပင်းဒဏ်ရာကြောင့် ရေဝေးရောက် အလောင်းကို ဆေးရုံပြန်သယ်စစ်ဆေးမှုများပြုလုပ်ခဲ့ကာ သံသယရှိသူကို ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကာ သံသယရှိသူကို စက်တင်ဘာလ ၁၄ ရက်က ဖမ်းဆီးမိထားပြီ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူမှာ သေဆုံးသူ မဘီဇော်လီ၏ခင်ပွန်း မောင်မြင့်အေးဆိုသူဖြစ်ပြီး သက်ဆိုင်ရာက (ပ) ၂၃၅/ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(က) ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။
“တမြန်မနေ့က လာဖမ်းသွားတယ်လို့ ကြားပါတယ်။ လက်ထိပ်ခတ်ပြီးတော့ ခေါ်သွားတာလို့ ပြောတယ်။ သေဆုံးသွားတဲ့ ကောင်မလေးက အိမ်ထောင်ကျတာ ၇ လလောက်ပဲ ရှိသေးတာလို့ ပြောတယ်။ အိမ်တွင်းရေး အဆင်မပြေတာတွေ ရှိတယ်လို့ ပြောနေကြတယ်။ အခုတော့ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်တဲ့။ သင်္ဂြိုဟ်မယ့်ရက်တော့ မသိကြရသေးဘူးတဲ့။ အစပိုင်းက သေမှုသေခင်းနဲ့ ဖွင့်တာကနေ အခု လူသတ်မှု ပုဒ်မကို ပြောင်းထားတယ်လို့ သိရပါတယ်”ဟု အဆိုပါ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက MT News ကို ပြောသည်။
သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် မဘီဇော်လီဖြစ်ပြီး စက်တင်ဘာ ၉ ရက်နေ့က သေဆုံးခဲ့ရာ မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေချိန်မှ သံသယဖြစ်ဖွယ် လည်ပင်းဒဏ်ရာကြောင့် ရေဝေးရောက်ပြီးသော အလောင်းကို ဆေးရုံသို့ပြန်သယ်စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
“ဘီဇော်လီ သေပြီလို့ ရုတ်တရက်သိရတော့ ကျွန်မသွားကြည့်တယ်။ ဓာတ်ပုံရိုက်တယ်။ Video ရိုက်တယ်။ လည်ပင်းကို စောင်နဲ့ အုပ်ထားတာကို ခွာလိုက်တော့ လည်ပင်းမှာ ဒဏ်ရာတွေ့တယ်။ သူဝတ်ထားတဲ့ အဝတ်က ၈ ရက်နေ့က အလုပ်ကို သွားတဲ့ အဝတ်ပဲ။ အဲဒီအဝတ်နဲ့ပဲ သေနေတာ။ သူက ၈ ရက်နေ့က အလုပ်က အိမ်ကိုပြန်ပြီး အိမ်ရောက်တဲ့အခါ အဝတ်မလဲဘူးလား။ စဉ်းစားစရာဖြစ်တယ်။အလောင်းကို ကျွန်မ Video ရိုက်ထားတယ်။ သူ့အလုပ်ရှင်ကလည်း သူဝတ်ထားတဲ့ အဝတ်က ၈ ရက်နေ့က အလုပ်လာတဲ့ အဝတ်လို့ ပြောထားတာ ရှိတယ်။ ကောင်မလေး ယောင်္ကျားဘက်က အလောင်းကို မီးသင်္ဂြိုဟ်ဖို့ဆိုပြီး လုပ်နေကြတဲ့အခါ ကျွန်မက တားထားလိုက်တယ်။ သူတို့ ရေဝေးကို အလောင်းပို့ကြတယ်။ အဲဒီနောက်မှာ ရဲစခန်းကို သွားတိုင်တယ်။ အလောင်းကို ပြန်သယ်ပြီး စံပြဆေးရုံမှာ ရင်ခွဲစစ်ဆေးတယ်။ စစ်ဆေးပြီးလို့ အခု အလောင်းကို ရေဝေးကို ပြန်ပို့ထားပြီးပြီ။ အခုက မသင်္ဂြိုဟ်ရသေးဘူး။ ကောင်မလေး ယောင်္ကျားကို သံသယဖြစ်တဲ့အတွက် ဖမ်းထားတယ်လို့ ကျွန်မလည်း ကြားသိရတယ်။ ကျွန်မတို့က ဒီကောင်မလေး သေတာနဲ့ပတ်သက်ပြီးတော့ အမှုကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်”ဟု သေဆုံးခဲ့သူ အမျိုးသမီးငယ်၏ အစ်မဝမ်းကွဲက MT News ကို ပြောပြသည်။
