၁၆.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့၊ ချတ်စ်ဝေါ့ရပ်ကွက်တွင် စက်တင်ဘာလ ၁၅ ရက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့ရာ လူ သုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် မီးငြှိမ်းသတ်ရေး ကြီးမားသောဆောင်ရွက်မှုများနှင့် ပြည်ထောင်စုလေကြောင်းဆိုင်ရာ အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
မီးသတ်ဌာန တာဝန်ရှိသူများကလည်း လော့စ်အိန်ဂျယ်လ်မြို့ ရဟတ်ယာဉ် ပျက်ကျ မီးလောင်ကျွမ်းမှု၌ အနည်းဆုံး လူသုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။
လော့စ်အိန်ဂျယ်လ်မြို့၊ ဆန်ဖာနန်ဒိုနယ်မြေရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ချတ်စ်ဝေါ့တွင် ရဟတ်ယာဉ် ပျက်ကျကြောင်းကို ဒေသစံတော်ချိန် ညနေ ၇ နာရီမတိုင်မီ အနည်းငယ်အလို၌ သတင်းပို့ခဲ့ခြင်းဖြစ်သည်။
ရဟတ်ယာဉ်သည် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံနှစ်ခုကြားတွင် ပျက်ကျခဲ့ကြောင်း လော့စ်အိန်ဂျယ်လ်မြို့ မီးသတ်ဌာနက ပြောကြားခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ် ၄ စီးနှင့် ကုန်ပစ္စည်းသိုလှောင်သည့် ကွန်တိန်နာ ၂ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဌာနက ဆိုသည်။
“ရဟတ်ယာဉ် ပျက်ကျမှု၌ ထိခိုက်သူ သုံးဦးမှာ ဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်” ဟု မီးသတ်ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရသူ နောက်ထပ်တစ်ဦးကိုမူ ဒဏ်ရာအခြေအနေ မသိရှိရသေးဘဲ ဒေသတွင်းရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မီးသတ်သမား ၅၆ ဦးခန့်က ဤဖြစ်ရပ်အတွက် တုံ့ပြန်ဆောင်ရွက်ခဲ့ကြပြီး မီးကို လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် မီးသတ်ဌာနက နောက်ဆုံးရသတင်းအဖြစ် ထုတ်ပြန် ပြောကြားခဲ့သည်။ အဆိုပါဧရိယာရှိ အဆောက်အအုံများ မီးဘေးသင့်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးအဖွဲ့ နှင့် ပြည်ထောင်စု လေကြောင်းအုပ်ချုပ်မှုအဖွဲ့တို့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။
Ref; USA Today
