၁၆.၉.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ကျူရှင်မှပြန်လာသည့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူကလေးငယ်တစ်ဦးအား သတ်ဖြတ်၍ ရွှေနားကွင်းလုယက်ယူဆောင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မအူပင်မြို့နယ်၊ ပန်းတောကျေးရွာနေ Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူ (၁၁)နှစ်သည် တစ်ရွာတည်းနေ ဆရာမဖြစ်သူ၏ နေအိမ်သို့ကျူရှင်တက်ရန် စက်တင်ဘာ ၁၃ ရက်၊ မွန်းလွဲပိုင်းက ထွက်ခွာသွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ပန်းတောကျေးရွာလမ်းဘေးရှိ ဝါးရုံပင်အောက်၌ မဆောင်းနှင်းဖြူအား လည်ပင်းတွင် အဝတ်စချည်နှောင်လျက် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖခင်ဖြစ်သူ ဦးဝင်းဖြိုးအောင်က ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်အရေးယူပေးရန် တာလပေါနယ်မြေရဲစခန်း၌ တိုင်ကြားအမှုဖွင့်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် တစ်ရွာထဲနေထိုင်သူ စန်းနိုင် (၅၅) နှစ်အား ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအား စစ်ဆေးချက်အရ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီတွင် ကျူးလွန်သူ စန်းနိုင်သည် နေအိမ်ရှေ့ တာလမ်းပေါ်တွင် ကျူရှင်မှ ပြန်လာသည့် မဆောင်းနှင်းဖြူအားတွေ့ရှိ၍ ဝတ်ဆင်ထားသည့် နားကွင်းအားဖြုတ်ယူရာ အော်ဟစ်ရုန်းကန်သဖြင့် နားနှစ်ဖက်အား စုံကိုင်လှည့်လိုက်စဉ် မဆောင်းနှင်းဖြူမှာ ဇက်လည်ကာ လဲကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် လည်ပင်းအား အဝတ်စဖြင့်ချည်၍ လမ်းဘေးရှိ ဝါးရုံပင်အောက်တွင်ထားရှိပြီး ဝတ်ဆင်ထားသည့် အလေးချိန် ၁ ပဲ ၃ ရွေးခန့်ရှိ ရွှေနားကွင်းတစ်ရန်အား ဖြုတ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရကာ သက်သေခံပစ္စည်း ရွှေနားကွင်းကို စန်းနိုင်၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
