၁၅.၉.၂၀၂၆
Written by Linn Eain
Control Room အတွင်းမှ ဆောင်ရွက်နိုင်သည့် ပထမဆုံးသောရေနံချက်စက်ရုံဖြစ်သည့် သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဉ်တစ်ဆင့်ချင်းအလိုက် စမ်းသပ်လည်ပတ်နေပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စက်တင်ဘာ ၁၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဥ် ယခုလည်ပတ်မည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှ ဆောင်ရွက်နိုင်သည့် ပထမဆုံးသောရေနံချက်စက်ရုံဖြစ်သည်နှင့်အညီ ဝန်ထမ်းများအား စနစ်တကျလေ့ကျင့်သင်ကြားပေးထားရန်လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့အချိန်ကာလသည် ကမ္ဘာတစ်ဝန်းတွင် စက်မောင်းဆီအခက်အခဲများဖြစ်ပေါ်နေလျက်ရှိသည့်အပြင် ဈေးနှုန်းများလည်းမြင့်တက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခမဖြစ်မီက စက်မောင်းဆီများသည် ရေနံစိမ်းကုန်ကြမ်းထက် ၃၀ ရာခိုင်နှုန်းခန့်သာ ပိုမိုသော်လည်း ယခုအချိန်တွင် နှစ်ဆခွဲခန့်အထိ မြင့်တက်နေသည့်အတွက် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ် ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် သာကေတနှင့် အလုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝဓာတ်ငွေ့များသည် တန်ဖိုးကြီးမားသဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်း၊ စက်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း သက်သာသွားမည်ဖြစ်ရာ စက်များအား ပြန်လည်ပြင်ဆင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် စက်များဖြင့် အစားထိုးအသုံးပြုသွားနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။
