၁၅.၉.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအနေဖြင့် အာကာသပတ်လမ်းကြောင်းအတွင်း လက်နက်များ ထားရှိထား ကြောင်း အမေရိကန် အာကာသတပ်ဖွဲ့က စက်တင်ဘာလ ၁၄ ရက်က ပြောကြားခဲ့ပြီး၊ ထိုသို့သော စွမ်းရည်များ ရှိနေကြောင်းကို အမေရိကန်က ပထမဆုံးအကြိမ် အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
“ရန်သူ၏ ရန်လိုသော လုပ်ဆောင်ချက်များမှ ပူးတွဲတပ်ဖွဲ့ကို ကာကွယ်ပေးနိုင်သည့် အာကာသပတ် လမ်းကြောင်းအတွင်း လည်ပတ်နေသော အာကာသထိန်းချုပ်ရေး လက်နက်များ အမေရိကန်တွင် ရှိပါ သည်” ဟု အမေရိကန် အာကာသတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သို့သော် ထိုထုတ်ပြန်ချက်၌ သက်ဆိုင်ရာ လက်နက်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။
“အာကာသထိန်းချုပ်ရေး ဆိုသည်မှာ အာကာသနယ်ပယ်ကို ယှဉ်ပြိုင်ထိန်းချုပ်ရန် လိုအပ်သော မစ်ရှင် နယ်ပယ်များကို စိုးမိုးလွှမ်းခြုံထားခြင်းဖြစ်ပြီး၊ ရန်သူ့စွမ်းရည်များအပေါ် သက်ရောက်မှုရှိစေရန် ရုပ်ပိုင်း ဆိုင်ရာထိခိုက်စေနိုင်သောနည်းလမ်းများနှင့်ထိုသို့မဟုတ်သောနည်းလမ်းများကိုအသုံးပြုခြင်း ဖြစ်သည်” ဟု ဖော်ပြထားကာ “ဤစွမ်းရည်များကို ထိုးစစ်ဆင်ခြင်းနှင့် ခုခံကာကွယ်ခြင်း ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်လေတပ်ဝန်ကြီးထရွိုင် မိန့် ကလည်းစက်တင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့သည့်လေကြောင်း၊ အာကာသနှင့်ဆိုက်ဘာဆိုင်ရာ ညီလာခံ ၌ အာကာသအတွင်း အမေရိကန်၏ လက်နက်များ ရှိနေကြောင်း အတည်ပြု ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်၏ အာကာသဆိုင်ရာတပ်ဖွဲ့ခွဲဖြစ်သော အမေရိကန် အာကာသတပ်ဖွဲ့က ၎င်းတို့၏ အကြီးမားဆုံးပထဝီနိုင်ငံရေး ပြိုင်ဘက်များဖြစ်သည့် ရုရှားနှင့်တရုတ်နိုင်ငံတို့ကို အကြောင်းပြလျက် အမေရိကန် အနေဖြင့် အာကာသအတွင်း လက်နက်များထားရှိရမှုကို ခုခံကာကွယ်ပြောကြားခဲ့သည်။ နိုင်ငံနှစ်ခုစလုံးသည် အာကာသအတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေသည်ဟုလည်း ၎င်းတို့က ဆိုသည်။
တရုတ်နိုင်ငံက “စစ်ရေးဆိုင်ရာခေတ်မီတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာကာသ နှင့် အာကာသတန်ပြန်နိုင်ရေး စွမ်းရည်များကို တီထွင်ဖန်တီးပြီး လုပ်ဆောင်လျက်ရှိသည်” ဖြစ်ပြီး၊ ရုရှားနိုင်ငံကမူ “အာကာသကို စစ်ဆင်ရေးနယ်ပယ်တစ်ခုအဖြစ် ရှုမြင်ကာ အနာဂတ်ပဋိပက္ခများတွင် အာကာသကို လွှမ်းမိုးချုပ်ကိုင်နိုင်မှုသည် အဆုံးအဖြတ်ပေးမည့် အချက်တစ်ချက် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အမေရိကန်အစိုးရအား အာကာသအတွင်း စစ်ပွဲအတွက် ခင်းကျင်း ပြင်ဆင်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့သည်။
“အမေရိကန်ဘက်အနေဖြင့် အာကာသအတွင်း စစ်ရေးစွမ်းရည်များ တိုးချဲ့ခြင်းနှင့် စစ်ပွဲအတွက် ပြင်ဆင် ခြင်း တို့ကို ရပ်တန့်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောကြားခဲ့ပြီး အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှု ဖြစ်ပေါ်လာနိုင်ခြေကို သတိပေးပြောကြားခဲ့သည်။
အာကာသကို စစ်ရေးနယ်ပယ်အဖြစ် ပြောင်းလဲအသုံးပြုလာခြင်းသည် အာကာသစူးစမ်းလေ့လာရေး ပြိုင်ဆိုင်မှုများ စတင်ချိန်ကတည်းက ရှိခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်သည်။
၁၉၆၇ ခုနှစ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အခြားနိုင်ငံများသည် အာကာသအတွင်း နျူကလီးယား လက်နက်များ တပ်ဆင်ထားရှိခြင်းဟူသော အကြီးမားဆုံး စိုးရိမ်ပူပန်ဖွယ်ရာကိစ္စရပ်ကို ကိုင်တွယ် ဖြေရှင်းသည့် အာကာသဆိုင်ရာစာချုပ် (Outer Space Treaty) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုအချိန်မှစ၍ ရုရှား၊ အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် အဆိုပါစာချုပ်၏ ကန့်သတ်ချက်များ အပြင်ဘက်တွင် အာကာသအတွင်း တိုက်ခိုက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်လျက်ရှိကြ သည်။ ယင်းတွင် စစ်ရေးဆိုင်ရာ ဆက်သွယ်ရေး၊ လမ်းကြောင်းရှာဖွေခြင်းနှင့် စောင့်ကြည့်ထောက်လှမ်း ခြင်း တို့အတွက် အရေးပါသော တစ်နိုင်ငံ၏ ဂြိုဟ်တုများကို အခြားနိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့လည်း ပါဝင်သည်။
Ref: AFP
