သက်တံ့
၁၅. ၉. ၂၀၂၆
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် ရန်ကုန်မြို့ရှိ ထိပ်တန်းဆေးရုံကြီးနှစ်ခုဖြစ်သည့် ကန်သာယာ အပြည်ပြည်ဆိုင်ရာ အထူးကုဆေးရုံကြီးနှင့် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကြီးတို့သည် အမေရိကန်နိုင်ငံအခြေစိုက် AACI ထံမှ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်နှင့် ဆေးကုသမှုထူးချွန်ဆု (Clinical Excellence Certificates) များကို တရားဝင်ရရှိခဲ့ကြသည်။

အဆိုပါ ဆေးရုံနှစ်ခုလုံးသည် ဘေးအန္တရာယ်ကင်းရှင်းပြီး ကမ္ဘာ့အဆင့်မီ ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများကို ထိန်းသိမ်းထားနိုင်ခြင်းကြောင့် AACI ၏ ဂုဏ်သိက္ခာရှိ “High Reliability Degree” အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့ကြသည်။
ကန်သာယာ အထူးကုဆေးရုံကြီးသည် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကုသခြင်းဝန်ဆောင်မှုများ (Endoscopy Services) အတွက် ဆေးကုသမှုထူးချွန်ဆုလက်မှတ် ရရှိခဲ့ပြီး မိုးကောင်းရတနာ ဆေးရုံကြီးသည် ကျန်းမာရေးအဖွဲ့အစည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Healthcare Organization Accreditation V6.1) နှင့် သားဖွားမီးယပ်ဝန်ဆောင်မှုများ (Maternity Services) အတွက် ဆေးကုသမှုထူးချွန်ဆုလက်မှတ်တို့ကို ရရှိခဲ့သည်။

“AACI America မှ Group CEO နှင့် Senior Vice President ဖြစ်သူ Mr. Kreso Paliska ဦးဆောင်သော အဖွဲ့သည် ရန်ကုန်မြို့ရှိ KAN THAR YAR International Specialist Hospital သို့ တရားဝင် သွားရောက်လေ့လာခဲ့ပါသည်။ KAN THAR YAR ဆေးရုံသည် AACI International Hospital Accreditation ရရှိထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းဝန်ဆောင်မှု (Endoscopy Services) အတွက် Clinical Excellence Certification ကို ရရှိထားသော ဆေးရုံဖြစ်ပါသည်။ ဤခရီးစဉ်အတွင်း အလွန်ကောင်းမွန်ပြည့်စုံသော ဆေးရုံပတ်ဝန်းကျင်နှင့် ယုံကြည်အားကိုးထိုက်သော၊ စေတနာအပြည့်ဖြင့် ကြိုးစားလုပ်ဆောင်နေသည့် အဖွဲ့သားများနှင့် တွေ့ဆုံရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။”ဟုလည်း AACI Asia Pacific က ထုတ်ပြန်ထားသည်။
ဤသည်မှာ ပြည်တွင်းရှိ မိသားစုများနှင့် လူနာများအတွက် အဆင့်မြင့် ထိပ်တန်းဆေးကုသမှုများကို နီးနီးကပ်ကပ် ရရှိနိုင်စေရန် ဆောင်ရွက်ရာ၌ အရေးပါသော တိုးတက်မှုခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

”အမေရိကန်နိုင်ငံအခြေစိုက် American Accreditation Commission International (AACI) ရဲ့ အသိအမှတ်ပြု စံနှုန်းများအတိုင်း ဆေးရုံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးရုံလုပ်ငန်းစနစ် စစ်ဆေးအကဲဖြတ်ရာမှာ High Reliability Degree ရမှတ် ၉၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး Accreditation ကို အောင်မြင်စွာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် AACI Clinical Excellence Certification – Maternity Services ကိုလည်း ၉၇ ရာခိုင်နှုန်းကျော် ရမှတ်ဖြင့် ထူးချွန်စွာ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော AACI Accreditation အသိမှတ်ပြု မိခင်နှင့်ကလေး စောင့်ရှောက်မှု ဆေးရုံအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာဆိုရင် မိခင်များနှင့် မွေးကင်းစကလေးငယ်များအတွက် ပိုမိုလုံခြုံကောင်းမွန်ပြီး အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေးအတွက် မိမိတို့ဆေးရုံရဲ့ အစဉ်တစိုက်ကြိုးပမ်းမှုများကို အသိအမှတ်ပြုခံရခြင်းလည်း ဖြစ်ပါတယ်” ဟု မိုးကောင်းရတနာဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ AACI Asia Pacific ကလည်း “AACI America မှ ရန်ကုန်ရှိ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအား နိုင်ငံတကာ ဆေးရုံအသိအမှတ်ပြုလက်မှတ်နှင့် သားဖွားမီးယပ်ဆိုင်ရာ Clinical Excellence Certificate ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ဂုဏ်ယူစွာ ချီးမြှင့်လိုက်ပါသည်။ ဤအောင်မြင်မှုသည် အရည်အသွေးနှင့် လူနာဘေးကင်းရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများအပေါ် ကတိကဝတ်ကို ပြသနေပါသည်။ ကြိုးစားပေးခဲ့ကြသော စီမံခန့်ခွဲမှု၊ ဆရာဝန်များ၊ သူနာပြုများအားလုံးကို ကျေးဇူးတင်ပါသည်။” ဟု ထုတ်ပြန်ထားသည်။
American Accreditation Commission International (AACI) ဆိုသည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ပါဝင်သော ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေး အဖွဲ့အစည်းများ၏ အရည်အသွေးနှင့် လူနာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများကို အကဲဖြတ်ပြီး အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် (Accreditation) ထုတ်ပေးသည့် အာမခံချက်မြင့်မားသော အမေရိကန်နိုင်ငံမှ လွတ်လပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

AACI ၏ စံနှုန်းများသည် အမေရိကန်နှင့် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာစံနှုန်းများအပေါ် အခြေခံထားပြီး ကမ္ဘာ့အဆင့်မီ တရားဝင်အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် AACI ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုအဖွဲ့အစည်းတစ်ခု၏ စစ်ဆေးအတည်ပြုချက် ရရှိထားခြင်းသည် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် ခိုင်မာသော ယုံကြည်မှုကို ရရှိစေသည့် အဓိက အကြောင်းအရင်းလည်းဖြစ်သည်။ ထို့အပြင် ပြည်တွင်းလူနာများသာမက ဆေးဝါးကုသရေး ခရီးသွားလုပ်ငန်း (Medical Tourism) အရ လာရောက်သည့် ပြည်ပလူနာများနှင့် နိုင်ငံတကာ အာမခံကုမ္ပဏီများ (Insurance Companies) ကလည်း AACI အသိအမှတ်ပြုလက်မှတ်ရှိသော ဆေးရုံများကိုသာ ဦးစားပေး ရွေးချယ်ကုသလေ့ရှိကြကြောင်း သိရသည်။
Ref: Bangkok Post
