သက်တံ့
၁၅. ၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း တရားခံ ၃၆ ဦးအား သက်သေခံပစ္စည်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက်၊ ဗိုလ်ဆွန်ပက် လမ်းရှိ အိမ်အမှတ်(၁၈၃)၌ Online လောင်းကစားပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ One5one , buffalo 169, fujiu နှင့် Sport169 Game Website များတွင် Agent အကောင့် ၇ ခုဖွင့်လှစ်၍ Online Game လောင်းကစားလုပ်ငန်းအား ဦးဆောင်လုပ်ကိုင်သူ အေးဉာဏ်ပိုင်နှင့် တရားခံ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၂၅ ဦးတို့အား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော All In One Computer (၃) လုံး၊ System Box နှင့် တွဲလျက် Computer Desktop (၈) လုံး၊ Computer Desktop (၂)လုံး၊ Laptop (၁၂)လုံး၊ ပရင်တာ(၁)လုံး၊ လက်ကိုင်ဖုန်း (၃၆)လုံး၊ Tablet ဖုန်း(၃)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် အေးဉာဏ်ပိုင်နှင့် ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ(ခ)ဖိုးရှမ်းအား တာချီလိတ်မြို့၌ လက်ကိုင်ဖုန်း(၂)လုံး၊ Tablet(၁)လုံးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် အလုံ မြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၃၈၈/၃၉၈)၊ Golden Team Mansion အိမ်ရာ၊ မြေညီထပ်ရှိ အခန်းအမှတ်(B6/B7)အား ဝင်ရောက်စစ်ဆေးခဲ့ရာ တရားခံ အင်ကြင်းမြိုင် အား “99 Legends Online Game” လောင်းကစားရာတွင် အသုံးပြုသော All in One Computer (၁၃)လုံး၊ Monitor (၁၆)လုံး၊ System Box (၁၅)လုံး၊ UPS (၄၈)လုံးနှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် “99 Legends Online Game” HR အဖြစ်ကြီးကြပ် လုပ်ကိုင်သူ နန်းဟွမ်ယုန်း(ခ)ရှန်းရှန်း(ခ)အစ်မအား ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်တေဇ လမ်းနှင့် သစ္စာလမ်းထောင့်ရှိ နေအိမ်၌ လက်ကိုင်ဖုန်း(၁)လုံးနှင့် Tablet(၁)လုံးဖြင့်လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ကျော်(ခ)AK အား ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်း၊ အမှတ်(၁၂၃/၁၂၅)၌ iPhone (၃)လုံး၊ iPad (၁)လုံး၊ Apple MacBook (၄)လုံးတို့ဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် Leader အဖြစ်လုပ်ကိုင်သူ ခိုင်နှင်းဝေ(ခ)မခိုင်အား တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးရှေ့၌ လက်ကိုင်ဖုန်း(၁)လုံးဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။




ဖမ်းဆီးရမိတရားခံ အောင်ကျော်(ခ)AKအား စစ်ဆေးရာ ၎င်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလခန့်မှစတင်၍ “99 Legends Online Game” လောင်းကစားလုပ်ငန်းအား ဖမ်းဆီးရန်ကျန်တရားခံ ဖြစ်သူ တရုတ်(ထိုင်ဝမ်)နိုင်ငံသား PI CHIEF YU (ခ) Jack Pi (ခ) JP ၏ စေခိုင်းမှုဖြင့် စတင်၍ စီမံခန့်ခွဲလုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ ခိုင်နှင်းဝေ(ခ)မခိုင်၊ နန်းဟွမ်ယုန်း(ခ)ရှန်းရှန်း(ခ)အစ်မ၊ အင်ကြင်းမြိုင်နှင့် ဖမ်းဆီးရန်ကျန်တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၆ ဦးတို့က ဝန်ထမ်းများအဖြစ် ပူးပေါင်းပါဝင်လုပ်ကိုင်ခဲ့ကြပြီး အောင်ကျော်(ခ)AK မှရရှိသည့် လောင်းကြေးငွေများအား တရုတ်(ထိုင်ဝမ်)နိုင်ငံသား PI CHIEF YU (ခ) Jack Pi (ခ) JP ၏ Bank အကောင့်များသို့ လွှဲပြောင်း ပေးပို့ရပြီး လောင်းကြေးအနိုင်အရှုံးစာရင်းများအား Telegram မှတစ်ဆင့်ပေးပို့ရကြောင်း၊ ၎င်းတရုတ် (ထိုင်ဝမ်)နိုင်ငံသား PI CHIEF YU (ခ) Jack Pi (ခ) JP သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အောင်ကျော်(ခ)AK အား ဆက်လက်စစ်ဆေးချက်အရ ၎င်းထံသို့ Online 1D/2D/3D လောင်းကြေးစာရင်းများ ပေးပို့ခဲ့သူ အောင်ဇင်ဦးနှင့် ရဲကျော်ကျော်တို့နှစ်ဦးအား စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီးတို့ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နှစ်ဦးကို စစ်ဆေးချက်အရ ယင်းတို့အား Online 1D/2D/3D လောင်းကစားလုပ်ငန်းများကို အောင်ကျော်(ခ)AK နှင့် ဆက်သွယ်လုပ်ကိုင်ရာတွင် ဦးဆောင်စေခိုင်း၍ နည်းပညာနှင့် ငွေကြေး ထောက်ပံ့ပေးသူမှာ တွံတေးမြို့၊ မင်းပိုင်းရပ်ကွက်နေ နိုင်ဝင်းထွန်း(ခ)နိုင်ဝင်းဖြစ်ကြောင်း၊ နိုင်ဝင်းထွန်း(ခ)နိုင်ဝင်းနှင့်အတူ ရှယ်ယာထည့်ဝင်လုပ်ကိုင်သူမှာ တေဇာအောင် (ခ)အောင်အောင် ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် တေဇာအောင်(ခ)အောင်အောင်အား လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ တိုက်(၂၀)၊ အခန်းအမှတ်(၁၀၁)၌ လက်ကိုင်ဖုန်း ၃ လုံးဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ဝင်းထွန်း (ခ)နိုင်ဝင်းအား တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ နိုင်ဝင်းထွန်း(ခ)နိုင်ဝင်း ၏နေအိမ်မှ Online 1D/2D/3D လောင်းကစားရာတွင် အသုံးပြုသည့် Laptop(၂)လုံးနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ နိုင်ဝင်းထွန်း(ခ)နိုင်ဝင်း၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင် Online 1D/2D/3D လုပ်ငန်းများအား ၎င်းမှတစ်ဆင့် လက်ခွဲလုပ်ကိုင်သည့် ၎င်း၏ညီဖြစ်သူ ကျော်စွာဝင်း(ခ)ကျော်ကျော်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ နန္ဒဝန် လမ်းရှိ အိမ်အမှတ် (၉၁)၌လည်းကောင်း၊ ၎င်း၏ စာရင်းကိုင်ဖြစ်သူ စန်းစပ္ပာယ်ဖူးအား လက်ကိုင်ဖုန်း ၁ လုံး၊ Laptop ၁ လုံးတို့နှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ၎င်း၏နေအိမ်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Online အသုံးပြု၍ လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ဖမ်းဆီးရမိတရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၃၆ ဦးတို့အား တရားမဝင် Online လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အသုံးပြုလျက်ရှိသည့် Bank Account (၁၂)ခုမှ Online လောင်းကစားပြုလုပ်၍ ရရှိထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
