သတိုး
၁၅. ၉. ၂၀၂၆
နိုင်ငံ့စီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အဦများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင် နှောင့်ယှက်ဖျက်ဆီးခဲ့ကြ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင် “သမင် မွေးရင်း ကျားစားရင်း” ဆိုသကဲ့သို့ဖြစ်နေရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ဦးမင်းအောင်လှိုင်က နိုင်ငံတကာ ပြည်ပခရီးစဉ်များ အတွေ့အကြုံများမှတစ်ဆင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတုယူသင့်သည်များကို အတုယူ၍ အကောင်အထည်ဖော်ဆောင်သွားကြရန် အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မကြာမီရက်များအတွင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် သက်ဝင်ယုံကြည်မှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ တူညီမှုရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင်လည်း အခက်အခဲများစွာကို ကြုံတွေ့ကျော်ဖြတ်ခဲ့ကြရကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆို့ ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်ကြားမှ ဒွိုင်မွိုင်း (Doi Moi) စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒကို နှစ်ပေါင်း ၄၀ ခန့် အကောင်အထည်ဖော်ပြီးနောက် စီးပွားရေးနှင့်ပတ်သက်၍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရကြောင်း၊ ၎င်းတို့အနေဖြင့် မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်ထားရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီစက်မှုလုပ်ငန်းများနှင့် အထက်တန်း-အလယ်အလတ်ဝင်ငွေရှိသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လာစေရန်နှင့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မားသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန် ရည်မှန်းထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ထို့အပြင် ဗီယက်နမ်ပြည်သူများအနေဖြင့် အခက်အခဲများ၊ ပိတ်ဆို့မှုများကြားမှ နိုင်ငံချစ်စိတ်၊ အမျိုးကိုမြှင့်တင်လိုစိတ်များဖြင့် အမှန်တကယ်ကြိုးပမ်းအားထုတ် အလုပ်လုပ်ခဲ့မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ကို မိမိတို့အနေဖြင့် အတုယူဖွယ်တွေ့မြင်ခဲ့ရကြောင်း၊ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့် ကြိုးစားအားထုတ်မှုရှိခြင်းတို့သည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေသည်ကို တွေ့မြင်ရကြောင်း၊ ယခုမိမိသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို လက်တွေ့ကျကျဖွံ့ဖြိုးတိုးတက်လာနိုင်မည့် ဆွေးနွေးမှုရလဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် စပါးစိုက်ပျိုး၍ ပြည်ပသို့ တင်ပို့လျက်ရှိသကဲ့သို့ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့များကိုလည်း စီးပွားဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းမှုရှိခြင်းကြောင့် နိုင်ငံစီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက်တိုးတက်အောင် ဆောင်ရွက်နိုင်သည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်းလည်း ပြောကြားသည်။




ထို့အပြင် ခရီးစဉ်များသွားရောက်ခဲ့စဉ် ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံး လုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းကပင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့် စွမ်းရည်၊ စွမ်းအားရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ နိုင်ငံစီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အဦများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင် နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင် “သမင် မွေးရင်း ကျားစားရင်း” ဆိုသကဲ့သို့ဖြစ်နေပြီး နိုင်ငံအတွက်ကြီးမားသည့် သမိုင်းသင်ခန်းစာတစ်ခုကဲ့သို့ ဖြစ်နေရကြောင်း၊ ၎င်းတို့ဖျက်ဆီးခဲ့ကြသည့် အခြေခံအဆောက်အဦများနှင့် ဆုံးရှုံးခဲ့ရသည့် လူသားအရင်းမြစ်များကို ပြန်လည်တည်ဆောက်မွေးထုတ်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြီးစွာသော ထိခိုက်နစ်နာဆုံးရှုံးနေရမှုပင်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အမြဲတမ်းတံခါးဖွင့်ဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုရရှိရေးအတွက်လည်း ဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း၊ ပြည်ပခရီးစဉ်များသွားရောက်မှုများမှ ရရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့အပါအဝင် နယ်ပယ်ပေါင်းစုံမှတွေ့မြင်လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို အတုယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
