သက်တံ့
၁၈. ၈. ၂၀၂၆
တောင်ကိုရီးယား မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် KG Mobility Corp. က ၎င်းတို့၏ အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပြီးနောက် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အားကစားသုံးယာဉ် (SUV- Sport Utility Vehicle) အစီးရေ ၁,၀၀၀ ရောင်းချရန် ရည်မှန်းထားကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ကုမ္ပဏီအနေဖြင့် လျှပ်စစ်စွမ်းအင်သုံး Torres EVX နှင့် Musso EV ပစ်ကပ်ကားများကို တပ်ဆင်အသုံးပြုနိုင်သည့် Complete Knockdown (CKD) အစိတ်အပိုင်း အစုံလိုက်စနစ်ဖြင့် အရှေ့တောင်အာရှဈေးကွက်သို့ တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တပ်ဆင်ရမည့် အစိတ်အပိုင်းများကို မြန်မာပြည်တွင်း၌ ပြန်လည်ရောင်းချနိုင်ရန်အတွက် ဒေသတွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သော Super Seven Stars Group ၏ စက်ရုံ၌ အပြီးသတ် မော်တော်ယာဉ်များအဖြစ် တပ်ဆင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ဇန်နဝါရီလမှ ဇူလိုင်လအထိ အဆိုပါ SUV အဓိကထုတ်လုပ်သည့် ကုမ္ပဏီ၏ ပို့ကုန်ပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူက အစီးရေ ၄၀,၁၁၅ စီး ရှိခဲ့ရာမှ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၄၀,၈၉၄ စီးအထိ ရှိလာခဲ့သည်။
ပို့ကုန်ပမာဏ ပိုမိုတိုးတက်စေရန်အတွက် ကုမ္ပဏီအနေဖြင့် ဆော်ဒီအာရေဗျနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။
Ref : Yonhap
